ကလေး  ၂၁  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ မဟာသန္တာရုံကျောင်းတိုက်အတွင်း၌ ကလေးမြို့ သီတဂူ စက္ခုဒါန ဆေးရုံစောင့်ရှောက်ရေးအဖွဲ့နှင့် ကလေးမြို့ရှိ သီတဂူဆရာတော်ကြီး၏ တပည့်ဒကာ၊ ဒကာမများ စုပေါင်း၍ သီတဂူစက္ခုဒါန ဆေးရုံ(၁၀)နှစ်ပြည့်နှင့် သီတဂူ ထာဝရ ရေပဒသာပင် ရေအလှူတော်ငွေ ဆက်ကပ်လှူဒါန်းခြင်းတို့အတွက် တရားအလှူတော် ဓမ္မသဘင် အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီက ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် တွဲဖက် ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ(Ph.D.D.L.in)မှ ငါးပါးသီလ ခံယူဆောက်တည်ပေးပြီး တရားတော်များ ဟောကြားချီးမြှင့်သည်။

 

mdn

 

ဆက်လက်၍ သီတဂူဆရာတော်ထံသို့ အလှူရှင်များက ဓမ္မပူဇာအလှူတော်ငွေနှင့် သီတဂူ ထာဝရ ရေအလှူတော်တို့အတွက် အလှူငွေများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြကာ ဆရာတော်မှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် ရေအလှူ အစုတစ်စုလျှင် ခြောက်သိန်းဖြင့် ရေအလှူ စုစုပေါင်း (၁၀၇)စု အတွက် အလှူခံရရှိငွေ ၆၄၂ သိန်းနှင့် ဓမ္မပူဇာအလှူတော်ငွေ ၂၇၉ သိန်း စုစုပေါင်း ၉၂၁ သိန်း ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်အောင်(ပြန်/ဆက်)