ကလေး၊ ၂၉ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာနေ တောင်သူများ သဘာဝမြေဩဇာ ပြုလုပ်အသုံးပြုနိုင်ရန်အတွက် ရာဇဂြိုဟ်နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ရှိသူများသည် တောင်သူ ဦးသန်းဇော်ကွင်း အမှတ်-၆၄-ကပြင် ဦးပိုင်အမှတ်-၁ ခြံဝင်းအတွင်း၌ E.M ဘိုကာရှီ မြေဆွေး ပြုလုပ်နည်းများကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထိုမာနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ရှိသူများသည် E.M ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ပုံအဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြ သည့် တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲဖြန့်ဝေ ခဲ့ကြသည်။

အဆိုပါ E .M ဘိုကာရှီ မြေဆွေးပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲသို့ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံနှင့် အကျိုးဆောင်တောင်သူများ  တက်ရောက်ခဲ့ကြကြောင်း  သိရသည်။

ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူများ စိုက်ပျိုးရေးအခက်အခဲရှိပါက သက်ဆိုင်ရာနည်းပညာ ပြန့်ပွားရေးစင်တာများမှ ချိတ်ဆက်ကာ အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)