ကလေး ၁၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ၂၀၂၀−၂၀၂၁ ပညာသင်နှစ်ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် ဇွန် ၁၈ ရက် နံနက်ပိုင်းက အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာအလယ်တန်းအဆင့် သတ္တမတန်း (Grade-7) သင်ရိုးသစ်နည်းပြသင်တန်းကို Online Training စနစ်ဖြင့် သင်ကြားပို့ချ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်ရိုးသစ်သင်တန်းကို အခြေခံပညာဦးစီးဌာနနှင့် ပညာရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ (ရုံးချုပ်)မှ Online Training အဖြစ် သင်ကြားပို့ချပေးခြင်းဖြစ်ပြီး ဘာသာရပ် ၆ မျိုးကို တစ်ရက်လျှင် ခြောက်ချိန်နှုန်းဖြင့် ကလေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် သင်တန်းနည်းပြ ဆရာ/ဆရာမ ၈၅ တို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဇွန် ၁၈ ရက်မှ ၁၉ ရက်အထိ နှစ်ရက်ကြာပို့ချပေးသွားမည် ဖြစ်သည်။
သတ္တမတန်း (Grade-7) သင်ရိုးသစ်နည်းပြ (Online) သင်တန်းပြီးစီးပါက ယင်းသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းနည်းပြ ဆရာ/ဆရာမများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းကျောင်းအုပ်များ၊ အလယ်တန်းပြဆရာ/ဆရာမများ၊ ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့် ဆရာ/ဆရာမ ၁၁၄၈ တို့အား ဇွန် ၂၃ ရက်မှ ၂၈ ရက်အထိ တစ်ခန်းလျှင် ၃၀ ဦးနှုန်းဖြင့် Grade-7 Face to Face ဆင့်ပွားသင်တန်းကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဆက်လက်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်အောင်(ပြန်/ဆက်)


