ကလေး    ၂၇    ဧပြီ         

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဟင်းသီး ဟင်းရွက်နှင့် ဈေးဆိုင် တန်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားသည့်ကာလအတွင်းရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ဈေးရောင်း သူများကို  ၆ ပေအကွာရောင်းချနိုင်ရေးအတွက် နီးစပ်ရာ ဘောလုံး ကွင်းများသို့ အသီးသီး ပြောင်းရွှေ့ဖွင့်လှစ်ကြကြောင်း သိရသည်။

 

ထိုသို့ ပြောင်းရွှေ့ရာတွင် ကလေးမြို့ပေါ်ရှိ မီးခွက်ဈေးကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ပြည်သူ့အားကစားကွင်းသို့ လည်းကောင်း၊ တာဟန်းဈေးကို စတောမ်ဘောလုံးကွင်းသို့ လည်းကောင်း၊ ပင်လုံဈေးကို ဘူတာအနီးဘောလုံးကွင်းသို့လည်းကောင်း၊ စိမ်းလန်းဈေးနှင့် ဆိပ်ကမ်းသာဈေးတို့ကို ဗိုလ်ချုပ်ကြေးရုပ်ကွင်း အတွင်းသို့လည်းကောင်း ပြောင်းရွှေ့ဖွင့်လှစ်ပေးထားခြင်း ဖြစ်ကြောင်း ကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

20

 

 “ ကျွန်တော်တို့ ဒီကပ်ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ဖို့ ကို လူစုလူဝေးတွေ မဖြစ်ပေါ်စေဖို့နဲ့ နှာခေါင်းစည်း (Mask)တွေ တပ်ဆင်အသုံးပြုစေပါတယ်။နောက်ပြီး ဈေးအားလုံးမှာရှိကြတဲ့ ဈေးရောင်းသူတွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက် ၆ပေကွာစီခွာထားပြီး ဈေးရောင်းဈေးဝယ် ပြုလုပ်စေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊  Volunteer အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဈေးအတွင်းမှာရှိကြတဲ့ ဈေးရောင်းသူ ဈေးဝယ်သူတွေကို  Mask ဝေငှပေးတာတွေ၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးတာတွေ ဆောင်ရွက်ပေးနေပါတယ် ”ဟု ကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွင်က  ပြောသည်။

 

ကလေးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း (Volunteer )အဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချင်းတွင်းသား