ကလေး ၈ သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ တပ်ဦးသီတာရပ်ကွက်နှင့် တောင်ဖီလာရပ်ကွက်အတွင်းရှိ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင် ခုနစ်ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများတွင် လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ပင်ရင်းမုန့်ဆိုင်မှ အစားအသောက်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် နမူနာဝယ်ယူခြင်းများကို သြဂုတ် ၇ ရက် နံနက် ၁၀ နာရီက စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကာ မိတ်ဖက်ဌာနများဖြစ်ကြသော ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းဆိုင်များမှ သက်တမ်းလွန်နေသော အစားအသောက်များတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြပြီးနောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ကုန်စုံဆိုင်ပိုင်ရှင်များအား ၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉) စားသုံးသူ ကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းအရာများအား ပညာပေးရှင်းလင်းပြောကြားသည်။


ထို့နောက် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကျောင်းမုန့်ဈေးတန်းများတွင် လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ပင်ရင်းမုန့်ဆိုင်မှ ချိုချဉ်၊ ဂျယ်လီ၊ အချိုရည်ဘူးများအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးရန် နမူနာ ဝယ်ယူခဲ့ကြကြောင်း၊ ထိုသို့ဝယ်ယူခဲ့ကြသော အစားအသောက်များအား စားသုံးရန်သင့်/မသင့် သိရှိနိုင်ရန်အတွက် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရေး ဓာတ်ခွဲခန်းသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


သန်းထိုက်အောင် (ပြန်/ဆက်)