ကလေး ၁၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ခရိုင်ပြည်သူ့ အားကစားကွင်းသို့ ယာယီပြောင်းရွှေ့ ဖွင့်လှစ်ထားခဲ့သည့် နံနက်ခင်းမီးခွက်စျေးအား ယနေ့ နံနက်ပိုင်းမှ စတင်၍ မူလစျေးနေရာနှင့် အနီးတဝိုက်ဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးပေါ် လမ်းဆုံမှ ဝေဇယန္တာလမ်းထိပ်အထိနှင့် မြို့မစျေးသစ် တိုးချဲ့တည်ဆောက်မည့် မြေနေရာတို့တွင် နေရာတိုးချဲ့သတ်မှတ်ပေးပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်ချခွင့် ပြုခဲ့ကြောင်း ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ထိုသို့ ရောင်းချခွင့်ပြုရာတွင် စျေးဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ခြောက်ပေအကွာ နေရာများသတ်မှတ်ပေးထားပြီး စျေးဝယ်ယူသူများအတွက် မျဉ်းများစနစ်တကျ ရေးဆွဲထားရှိကာ သတ်မှတ်ပေးသောနေရာတွင်သာ ရောင်းချရန်၊ စျေးသူ စျေးသားများအနေဖြင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်၊ မော်တော်ယာဉ် သုံးဘီးဆိုင်ကယ်များဖြင့် ရောင်းချခြင်း မပြုရန်၊ စျေးသည်များအနေဖြင့် အမှိုက်နှင့် အညစ်အကြေးများကို အိတ်များဖြင့်ထုတ်ပိုး၍ စနစ်တကျ စွန့်ပစ်ရန် စည်းကမ်းများသတ်မှတ်ထားပြီး အဆိုပါ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိပါက ကလေးမြို့မစျေး စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဒဏ်ငွေ ၃၀၀၀၀ (သို့မဟုတ်) စျေးရောင်းချခွင့် တစ်လပိတ်သိမ်း၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်−၁၉ ကာလအတွင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကလေးမြို့ပေါ်ရှိ ပျံကျစျေးများဖြစ်သည့် နံနက်ခင်းမီးခွက်စျေး၊ ဆိပ်ကမ်းသာစျေး၊ တပ်ဦးစျေး၊ ပင်လုံစျေး၊ တာဟန်းစျေးတို့ကို နီးစပ်ရာအားကစားကွင်း များတွင် ယာယီပြောင်းရွှေ့ဖွင့်လှစ်ထားရှိခဲ့ရာမှ ယနေ့တွင် နံနက်ခင်းမီးခွက်စျေးအား မူလနေရာသို့ ပြန်လည် ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကျန်ရှိနေသည့်စျေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ မူလနေရာများသို့ ပြန်လည်ပြောင်းရွှေ့ ဖွင့်လှစ်ရောင်းချခွင့်ပြုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
(ခရိုင် ပြန်/ဆက်)


