ကလေး ၂၀   အောက်တိုဘာ       

ကမ္ဘာ့သာသနာပြုသီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ညာဏိဿရ၏ သြဝါဒလမ်းညွှန်မှုဖြင့် မျက်စိအထူးကု ဆရာဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမြအောင်(ပါမောက္ခငြိမ်း)နှင့် ဒေါက်တာမိမိခင် (သီတဂူဆေးရုံ-စစ်ကိုင်း) စသောမျက်စိ အထူးကုဆရာဝန်ကြီးတို့မှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား  ကလေးမြို့အောင်သစ္စာရပ်ကွက်ရှိ မဟာသန္တာရုံကျောင်းတိုက်တွင် ဖွင့်လှစ်ထားရှိသော သီတဂူအာရောဂျံဒါနဆေးရုံတော်တွင် (၁၃)ကြိမ်မြောက် အဖြစ် မျက်စိဝေဒနာရှင်များအား အောက်တိုဘာ ၄ ရက်မှ ၇ ရက်နေ့အထိ ခွဲစိတ်ကုသပေးခဲ့ရာ  ရဟန်းရှင်လူပြည်သူ မျက်စိဝေဒနာရှင်ပေါင်း ၃၁၁ ဦး တို့ကို စက္ခုအလင်းရရှိစေ ရေး အခမဲ့ခွဲစိတ် ကုသပေးခဲ့ကြောင်း ကလေးမြို့မဟာသန္တာရုံကျောင်းတိုက် သီတဂူအာရောဂျံ ဒါနဆေးရုံတော်စောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

 

a

 


“သီတဂူအာရောဂျဒါနဆေးရုံကို မျက်စိကုသရေးအတွက် လူနာတွေ မရှိ၊ မသိ၊ မဖြစ်ရလေအောင်၊ ငွေရေးကြေးရေး မပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေအဆင်ပြေအောင်၊ မျက်စိတစ်လုံးဟာ မျက်စိအလင်းရောင်ရမှ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်များအားလုံးအဆင်ပြေဖို့ သီတဂူအာရောဂျဒါနဆေးရုံကို ဖွင့်လှစ်ပြီးတော့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ မျက်စိကုသဖို့ လာတဲ့သူအားလုံးကို လူမျိုးမရွေး၊ ဘာသာမရွေးစောင့်ရှောက်ပြီး ဆေးကုသမှုခံယူနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဆေးကုသဖို့လာတဲ့သူတွေ အားလုံးကိုလည်း စိတ်ချမ်းသာမှုရှိစေဖို့နေရာ ထိုင်ခင်းကအစ လိုက်လံဆောင်ရွက်ပေးပါတယ်။ ဘာသာပေါင်းစုံကနေ မျက်စိဝေဒနာရှင်လူနာပေါင်းစုံ ဆေးလာကုကြတာဆိုတော့ သူတိုတွေအားလုံး အဆင်ပြေအောင်၊ စိတ်ချမ်းသာမှုရှိအောင် အစစ အရာရာဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ကလေးမြို့မဟာသန္တာရုံကျောင်းတိုက်မှ သီတဂူအာရောဂျဒါနဆေးရုံတော် စောင့်ရှောက်ရေးအဖွဲ့ အုပ်ချုပ်ရေးမှူး ဆရာတော် ဘဒ္ဒန္တပုညသေဋ္ဌက မိန့်ကြားသည်။

 

a

 

မျက်စိဝေဒနာရှင်များအား အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ စမ်းသပ်ပေးခဲ့ပြီး အဆိုပါလူနာများထဲမှ ခွဲစိတ်ရန်ရွေးချယ်ထားသည့် ရဟန်းရှင်လူပြည်သူအပေါင်းလူနာ ၁၀၉၉ ဦးအနက် ၃၁၁ ဦးတို့ကို အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း၊ မျက်စိလာရောက်ပြသသူများသည် ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများသာမကချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်နှင့် ချင်းတွင်း အထက်ပိုင်းဒေသများမှ လာရောက်ကုသကြကြောင်း၊ ပထမအကြိမ်မှ (၁၃)ကြိမ်မြောက်အထိ မျက်စိဝေဒနာရှင်လူနာပေါင်း ၁၄၂၄၆ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး မျက်စိဝေဒနာရှင် လူနာပေါင်း ၃၀၁၃ ဦးတို့အား ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း၊ အထူးကုဆရာဝန်အင်အား အနေဖြင့် ကလေးမြို့မှ ဒေါက်တာမောင်မောင်မြင့်၊ ဒေါက်တာအောင်နိုင်ဦး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမှ အထူးကုဆရာဝန်ငါးဦး စုစုပေါင်း ခုနစ်ဦးတို့ဖြင့် အခမဲ့စမ်းသပ်ကုသပေးလျက်ရှိပြီး ပါဝင်ကုသိုလ်ပြုကြသူ အင်အား ၅၂ ဦးတို့က မျက်စိဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း ဆေးရုံတော်၏ ဦးဆောင်ဦးရွက်ပြုသူ ဦးဌေးအောင်က ပြောကြားသည်။

သီတဂူအာရောဂျဒါနဆေးရုံတော်(ကလေး)ကို သက္ကရာဇ် ၁၃၇၁ ခု၊ ကဆုန်လဆန်း ၅ ရက်(၂၈-၄-၂၀ဝ၉) က သီတဂူဆရာတော်ကြီးကိုယ်တော်တိုင် ပန္နက်တင်၍ စတင်ဆောက်လုပ်ခဲ့ပြီး ခုတင် (၄၀)ဆံ့ ဆေးရုံတော်ကြီးနှင့် ဆရာတော်ကြီးများ သီတင်းသုံးရာကျောင်းဆောင်၊ ဆရာ/ဆရာမများ တည်းခိုဆောင်၊ ထမင်းစားဆောင် အပါအဝင် သီတဂူအာရောဂျံ ဒါနဆေးရုံကို ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတွင်းသား