ကလေး၊ ၇ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်တက်လာသည့် အတွက် မိဘပြည်သူများ ရာနှုန်းပြည့် နှာခေါင်းစည်း ဝတ်ဆင်စေရန် ရက်သတ္တပတ်အကြာ နှာခေါင်းစည်း ဝတ်ဆင်ရေးလှုပ်ရှားခြင်းကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ကြသည်။
“ကိုဗစ်-၁၉ ရောဂါမှာ ပါးစပ်၊ နှာခေါင်းကနေတစ်ဆင့် ကူးစက်မှုနှုန်းက အများဆုံးဖြစ်တဲ့ အတွက်ကြောင့် အခုလို ဆောင်ရွက်ရတာဖြစ်ပါတယ်၊ နှာခေါင်းစည်း မတပ်ထားဘဲ အပြင်ထွက်လာတဲ့ သူတွေကို နှာခေါင်းစည်း တစ်ခုပေးမယ်၊ နောက်ပြီးတော့ ဈေးနှုန်းသက်သာ စွာနဲ့ နှာခေါင်းစည်း အခု ၅၀ ပါတဲ့ တစ်ထုပ်ကို ၁၀၀၀ ကျပ်နဲ့ရောင်းပေးတယ်၊ Semi lockdown ပဲ ဖြစ်ဖြစ်၊ Stay At Home ပဲဖြစ်ဖြစ် အသွားအလာကန့်သတ်ထားတယ်ဆိုရင် အလုပ်တွေပျက်မှာဖြစ်တဲ့အတွက်ကြောင့် ကလေးမြို့နေ ပြည်သူတွေအနေနဲ့ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်းကြပါ”ဟု ကလေး Volunteer အဖွဲ့ခေါင်းဆောင် ကိုမင်းနိုင်စိုးက အခုလိုပြောပြသည်။
ယခုလို ရာနှုန်းပြည့်နှာခေါင်းစည်း ဝတ်ဆင်ရေးဆောင်ရွက်ရာတွင် ကလေးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ဝန် ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက ဒီဇင်ဘာ ၇ ရက်မှစတင်ကာ ဒီဇင်ဘာ ၁၃ ရက်အထိ ရက်သတ္တပတ်အကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် အလှူရှင်များမှ လှူဒါန်းသော အလှူငွေများ၊ ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါကုသရေးတွင်လည်းကောင်း၊ CBFQC တို့တွင် လည်းကောင်း၊ Home Quarantine ဝင်နေသူများအတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လူမှုရေးအသင်းအဖွဲ့များ၊ VOLUNTEER အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


