ကလေး ၁၀ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သော ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုများကို ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “အေအိုင်ဒီအက်စ်ရောဂါ ကင်းဝေးရေး လူထုအားလုံးပါဝင်ပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ကလေးမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် တက်ရောက်လာသူ ၂၀၀ ဦးတို့အား HIV / AIDS ရောဂါအကြောင်း၊ ကာလသားရောဂါနှင့် တခြားလိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအကြောင်း သိကောင်းစရာများကို ပဟေဋ္ဌိဗဟုသုတမေးခွန်းများ ဖြေဆိုစေပြီး လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်း၊ မိမိဆန္ဒအလျောက် သွေးစစ်ဆေးလိုသူများအား HIV ပိုး ရှိ/မရှိ အခမဲ့ သွေးစစ်ဆေးပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် လိုအပ်သည့်အကြံဉာဏ်များပေးခြင်းတို့ကို ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမိုးထွေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသည့် ပြည်ကြီးခင်လူမှုရေးအသင်းအဖွဲ့ နှင့် AHRN အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဒီဇင်ဘာလ ၉ ရက်ကလည်း ကလေးမြို့ပေါ်တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကားများဖြင့် ပညာပေးလှည့်လည် ဖျော်ဖြေလှုံ့ဆော်ပေးခြင်း၊ အခမ်းအနားအစီအစဉ် ဖိတ်စာများဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းထိုက်အောင် (ပြန်/ဆက်)