ကလေး၊ ၂၄ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အလုပ်သမား၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ပြင်ပလူနာများ ဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် လူမှုဖူလုံရေး Royal City အထွေထွေရောဂါကု ဆေးရုံဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက အဆိုပါ ဆေးရုံဝန်းအတွင်းတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ကလေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်လွင်က လူမှုဖူလုံရေး Royal City အထွေထွေရောဂါကုဆေးရုံ ဖွင့်ပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

အဆိုပါ လူမှုဖူလုံရေး Royal City အထွေထွေရောဂါကုဆေးခန်းသို့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အတွင်း  အာမခံအကျုံးဝင်သော အာမခံအလုပ်သမားပေါင်း (၁၀၀)ခန့် လာရောက်ဆေးကုသမှု ခံယူကြပြီဖြစ်ကြောင်းနှင့် ကလေးမြို့နယ်တွင် အာမခံအကျုံးဝင်ထားသော အလုပ်ဌာနပေါင်း (၁၉၅)ဌာနရှိပြီး အာမခံအလုပ်သမား (၂၀၀၀)ကျော် ရှိကြောင်း သိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)