ကလေးမြို့တွင် မွေးကင်းစစွန့်ပစ်ခံကလေးငယ်တစ်ဦးတွေ့

ကလေး ၂၃ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခု၏ အနောက်ငှက်ပျောဘုတ်အတွင်း ဇူလိုင် ၂၂ ရက်က မွေးကင်းစ ကလေးငယ်တစ်ဦး တွေ့ရှိမှုကြောင့် ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

“မနေ့က ညနေလေးနာရီခွဲလောက် အိမ်နောက်ဖေးကို ကြောင်စာကျွေးဆင်းတုန်း ကလေးငိုသံကြားလို့ ရှာကြည့်တော့ တွေ့ရတာပါ။ ကလေးက မိန်းကလေးပါ။ ချက်ကြိုးဖြတ်ထားပြီး သွေးစလေးတွေ ကျန်နေတုန်းပဲရှိသေးတယ်။ ကလေးငယ်ကို တွေ့စမှာ အသားအရေ ပြာနေပြီဖြစ်ပြီး မိုးအနည်းငယ်ရွာနေတုန်းမှာ မိခင်နှင့် ကလေးစောင့်ရှောက်ရေးကို အကြောင်းကြားပြီး ကလေးမြို့ ဆေးရုံကြီးကို ပို့ခဲ့တာပဲဖြစ်ပါတယ်”ဟု ကလေးကို မွေးစားလိုသူလည်းဖြစ် ကလေးကို အနီးကပ်ပြုစုစောင့်ရှောက်မှု ပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ကလေးငယ်ကို လက်ရှိတွင် ကလေးကုသဆောင်၌ သူနာပြု ဆရာမများဖြင့် ၂၄ နာရီ စောင့်ရှောက်မှုပေးနေပြီး မွေးစားလိုသူရှိပါက ဆေးရုံတာဝန်ရှိ ဘုတ်အဖွဲ့နဲ့ ရွေးချယ်မှာဖြစ်ကြောင်း၊ မွေးစားမယ့်သူကို ပဏာမ ၆ လ မွေးစားခွင့်ပြုကာ ဆေးရုံကျန်မာရေးဌာနက စောင့်ကြည့်နေမှာဖြစ်ကြောင်း၊ ၆ လ အစမ်းမွေးစားပြီး ဘုတ်အဖွဲ့က ကျေနပ်မှုရှိရင် တခါတည်း အမွေစားအမွေခံ စာချုပ်ဖြင့် မွေးစားခွင့်ပေးရန် ဆုံးဖြတ်ထားကြောင်း ဆေးလူမှုဆက်ဆံရေးအရာရှိ ဒေါ်သက်သက်ဦးက ဆက်လက်ရှင်းပြသည်။

“ကလေးက ရောက်လာတုန်းကထက်တော့ ပိုစိတ်ချရတဲ့ အခြေအနေပါ။ ချက်ကျိုးဖြတ်လျက် အဖျားမှာ ထုံးမထားသေးတော့ မေးခိုင်ပိုး ဝင်မှာစိုးလို့ ပိုးသတ်ဆေးထိုး လိုအပ်လို့ သွေးသွင်းထားပါတယ်။ ကလေးအထူးကုဆရာဝန်ကြီးကိုယ်တိုင် စောင့်ရှောက်နေတာပါ” ဟု ကလေးမြို့ဆေးရုံမှ ဒေါက်တာ လားလျှန်မန်းက ပြောပြသည်။

သျှင်နေမင်း(ဂန့်ဂေါ)