ကလေး ၁၇ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် မိုးရာသီကာလ ရေဘေးအန္တရာယ် ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှု အနည်းဆုံးနှင့် လူအသေအပျောက် မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်ကာ ဌာနဆိုင်ရာများ စုပေါင်း၍ သြဂုတ် ၁၇ ရက်က ကျီကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် ရေဆန်ကျွန်းဓမ္မာရုံတို့တွင် ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ရေဘေးဖြစ်ပွားတတ်တဲ့ နေရာတွေကို အဓိကထားပြီး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတွေကို ပြုလုပ်ပေးပါတယ်။ အဓိကအားဖြင့် ကျီကုန်း၊ ပြင်သာ၊ အင်းစိန်ကျေးရွာတွေက မြစ်သာမြစ်ရေကြီးရင် အရင်ဆုံးရေဝင်ရောက်တဲ့ နေရာတွေဖြစ်တာကြောင့် ရွေးချယ်ပြီးတော့ လေ့ကျင့်ပေးရခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ရေဘေးဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှုနည်းအောင် ရေဘေးဖြစ်ပွားပါက ရေလွတ်ရာနေရာတွေကို ဘယ်လိုပြောင်းရွှေ့ရမယ်ဆိုတာတွေ နောက်ပြီး မိုးလေဝသသတင်းတွေကို နားထောင်ဖို့ လိုအပ်တယ်ဆိုတာတွေကို ပညာပေးတဲ့အနေနဲ့ ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်ဟု” ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်ဇော်ထွန်းက ပြောသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုက “သဘာဝဘေးများ ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှု နည်းပါးစေရေးရည်ရွယ်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို အမြဲတမ်းဇာတ်တိုက် လေ့ကျင့်ပါတယ်။ သဘာဝဘေးမဖြစ်ဘို့လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ ချောင်းတွေတူးတာတွေ၊ မြောင်းတွေတူးတာတွေ၊ သစ်ပင်စိုက်ပျိုးတာတွေလုပ်ပါတယ်၊ ရုံးတွေမှာလည်း သဘာဝဘေးဖြစ်ပွားပါက ထိရောက်စွာ ဆောင်ရွက်နိုင်ရေးကို ဇုန်တွေခွဲပြီး ကြိုတင်ဆောင်ရွေက်ထားပြီး ဖြစ်ပါတယ်။ ဖြစ်ပွားပါက ဘယ်ရွာကို ဘယ်လိုရွှေ့မယ် ဘယ်မှာနေရာချထားမယ်ဆိုတာတွေကို အသေးစိတ် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှာလည်း ပစ္စည်းတွေအရန်သင့် အမြဲတမ်းစီစဉ်ထားပြီး ဖြစ်ပါတယ်။ အိုး၊ ခွက်၊ အဝတ်အစားတွေ၊ စားသောက်ကုန်ကြမ်းတွေ စီစဉ်ထားပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရကလည်း ကြိုတင်ငွေတွေ ပေးထားပါတယ်။ ကျေးရွာတွေ အလိုက်လည်း ကျေးရွာမှာရှိတဲ့လူဦးရေ၊ အိမ်ခြေ၊ သက်ကြီးဦးရေက ဘယ်လောက်ရှိတယ်၊ သက်ငယ်ဦးရေက ဘယ်လောက်ရှိတယ်၊ ကိုယ်ဝန်ဆောင်ဦးရေက ဘယ်လောက်ရှိတယ်ဆိုတာတွေကို စာရင်းကောက်ယူထားပြီး ဖြစ်ပါတယ်။ ယာဉ်တွေကိုလည်း ဖြစ်ပွားတဲ့နေရာတွေကို အမြန်ဆုံးစေလွှတ်ပေးနိုင်ဖို့ အဆင်သင့်စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ရေဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ပွဲသို့ နယ်မြေခံတပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကျီကုန်းကျေးရွာမှ ပြည်သူများထံ ခေါက်ဆွဲခြောက်ထုတ်များ ဝေပေးခဲ့ကြသည်။
“ကျွန်တော်တို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ မိုးလေဝသသတင်းတွေကို မီဒီယာတွေကနေ အမြဲတမ်း ထုတ်ပြန်ပေးနေပါတယ်။ ကျွန်တော်တို့ဒေသဟာ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ စိုးရိမ်ရေအမှတ်အထက်ကို ရှစ်ကြိမ်လောက် ရောက်ခဲ့ပါတယ်။ ၂၀ဝ၉ ခုနှစ်ကနေ စပြီးတော့ ဒီနေ့အချိန်အထိ နှစ်နှစ်ကိုတစ်ကြိမ် စိုးရိမ်ရေအမှတ် အထက်ကို ရောက်တာတွေ့ရပါတယ်။ ၂၀၁၈ မှာ စိုးရိမ်ရေမှတ်အထက်ကို မရောက်ခဲ့ဘူး။ စင်တီမီတာ ၈၀ဝ ကျော်လောက်ပဲရောက်ပြီး ပြန်ကျသွားတယ်။ မြစ်ရေကြီးတာက မုန်တိုင်းဖြစ်တည်မှုပေါ် မူတည်ပြီး ရေကြီးတာဖြစ်ပါတယ်၊ ကျွန်တော်တို့ သတိထားရမှာက မုန်တိုင်းဖြစ်လာပြီဆိုရင် ကျွန်တော်တို့ မြစ်သာမြစ်က တစ်ခြားမြစ်ရေတွေနဲ့မတူပါဘူး ၂၄ နာရီအတွင်းမှ (၁၀) ပေခန့်အထိ တက်ပါတယ်။ မြစ်ရေတက်မြန်တာကြောင့် သတင်းအချက်အလက်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ဖို့လိုပါတယ်” ဟု ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်စိုးက ပြောသည်။
သျှင်နေမင်း(ဂန့်ဂေါ)


