ကလေး ၂၇ နိုဝင်ဘာ
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိင်ငံအစီအစဉ်) WCS Myanmar Program တို့ ပူပေါင်းစီစဉ်မှုဖြင့် တရားမဝင် ကုန်သွယ်မှုမှ ဖမ်းဆီး ရမိသောတောရိုင်းတိရစ္ဆာန်များ ပြုစုစောင့်ရှောက်ရေး သင်တန်းကို နိုဝင်ဘာ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ အထိ GBH ဟိုတယ်တွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
“ယနေ့အခြေအနေမှာ တရားမဝင်ကူးသန်းရောင်းဝယ်မှုအဖြစ် စတုတ္ထနေရာမှာ ရောက်ရှိနေတာ ကတော့ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ ကမ္ဘာကြီးရပ်တည်မှုအတွက် ခြိမ်းခြောက်နေတဲ့လုပ်ငန်းဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ လူတွေနဲ့ တောရိုင်း တိရစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင်နဲ့ တစ်ခုနဲ့တစ်ခုဆက်စပ်ပြီးတော့ ရပ်တည်နေတာ ဖြစ်ပါတယ်။ တရားမဝင် တောရိုင်းတိရစ္ဆာန်တွေ ကူးသန်းရောင်းဝယ်မှုအနေနဲ့ကမ္ဘာမှာ တစ်နှစ် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကုန်သွယ်မှုဖြစ်နေပါတယ်။ အဲ့ဒါကတော့ အင်တာပိုကနေ ထုတ်ပြန်တဲ့ သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သစ်တောဦးစီးဌာနပြုစုထားတဲ့ စာရင်းများအရ ၂၀၁၀မှ ၂၀၁၈ ခုနှစ်အတွင်း တရားမဝင် တောရိုင်းတိရစ္ဆာန်များ ကူးသန်းရောင်းဝယ်မှုအမှုပေါင်း (၃၇၀) ဖမ်းဆီးရမိ ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးအနေနဲ့ အဆိုပါဖမ်းဆီးရမိခဲ့မှု (၆၈) မှု ဖမ်းဆီး ရမိခဲ့ပါတယ်”ဟု ကလေးရိုင်သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဟန်က ပြောကြားသည်။
အဆိုပါ တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိသော တောရိုင်းတိရစ္ဆာန်များ ပြုစုစောင့်ရှောက်ခြင်း သင်တန်းကို ခရိုင်အုပ်ချုပ်ရေမှူး ဦးခင်မောင်ချိုက တက်ရောက်အမှာစကားပြောကြားပေးခဲ့ပြီး သင်တန်း၏ ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြခြင်းကို (WCS/TSA) အဖွဲ့မှ ဒေါက်တာကလျာက ပြောသည်။
သျှင်နေမင်း(ဂန့်ဂေါ်)