ရန်ကုန် ၂၃ ဖေဖော်ဝါရီ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် ကလေးနာတာရှည် ကျောက်ကပ်ရောဂါကလေး လူနာ(၂)ဦးအား ဆွေမျိုးတို့၏ကျောက်တစ်ခြမ်းဖြင့် အစားထိုးကုသမှုကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် ယနေ့နံက်ပိုင်းတွင် ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆရာဝန်များကခွဲစိတ်ခဲ့ရာလူနာ(၂)ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သည်။

 

အဆိုပါကျောက်ကပ်အစားထိုး ကုသခွဲစိတ်မှုကို မြန်မာနိုင်ငံ ကျောက်ကပ်အစားထိုး ကုသမှုအဖွဲ့ (Myanmar Renal Transplant Team) နှင့် စင်ကာပူအမျိုးသားတက္ကသိုလ် ဆေးရုံမှ Singapore Transplant Team ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

 

ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာမှ အသက်(၁၅)နှစ်ရှိ မအေးမြစိုးကို ၎င်း၏ အမဖြစ်သူ မငယ်ငယ်ဦး၏ ကျောက်ကပ်တစ်ခြမ်းဖြင့် အစားထိုးခွဲစိတ် ကုသခဲ့ခြင်းဖြစ်သည်။ မအေးမြစိုးမှာ ကျောက်ကပ်ဝေဒနာခံစားနေရသောကြောင့် တစ်ပတ်လျှင်(၃)ကြိမ်ခန့် ကျောက်ကပ်ဆေးနေရသူဖြစ်ပြီး နာတာရှည်ဝေဒနာခံစားနေရသူဖြစ်သောကြောင့် ကျောက်ကပ်အစားထိုးကုသခဲ့ခြင်းဖြစ်သည်။ အမဖြစ်သူထံမှ ကျောက်ကပ်ထုတ်ယူချိန်မှာ (၃)နာရီခန့်ကြာမြင့်ပြီး ကိုယ်တွင်း ကြည့်မှန်ပြောင်းနည်းဖြင့် ထုတ်ယူခြင်းဖြစ်ရာ ကျောက်ကပ်ထုတ်ယူမှုနှင့်အစားထိုး ကျောက်ကပ်ထည့်ခြင်းကို (၄) နာရီခွဲဖြင့် အောင်မြင်စွာခွဲစိတ်ခဲ့သည်။

 

ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ခရမ်းချိုရပ်ကွက်တွင်နေထိုင်သော အသက် ၁၂ နှစ်ရှိ မောင်မိုးမြင့်မောင်အား ဦးလေးဖြစ်သူ ဦးမိုးမင်းဝင်း၏ ကျောက်ကပ်တစ်ခြမ်းဖြင့် အစားထိုးကုသခဲ့သည်။ ကလေးငယ်မှာ ၂၀၁၇ ခုနှစ်မှစ၍ နာတာရှည် ကျောက်ကပ်ဝေဒနာကြောင့် ပြင်းထန်သွေးတိုးရောဂါခံစားနေရသူ တစ်ဦးဖြစ်ရာ ယနေ့ခွဲစိတ်မှုတွင် ကျောက်ကပ်ထုတ်ယူမှုနှင့် ကျောက်ကပ်အစားထိုးကုသမှုအား(၄) နာရီခွဲဖြင့် ခွဲစိတ်ကုသမှုအောင်မြင်ခဲ့သည်။

 

ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုးကုသမှုကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ မြောက်ဥက္ကလာပမြို့နယ်မှ အသက် ၁၀ နှစ်ရှိ မနန်ယုဝေအား အကိုဖြစ်သူ လှူဒါန်းသော ကျောက်ကပ်တစ်ခြမ်းဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ရာယနေ့တိုင် ကလေးငယ်မှာ ကျန်းမာလျက်ရှိသည်။

 

မြန်မာနိုင်ငံမှာလည်း ကျောက်ကပ်ဝေဒနာခံစားရတဲ့ ကလေးတွေရှိတယ်။ မွေးရာပါကလေးအချို့မှာ ကျောက်ကပ်ရေအိတ်တည်တာ၊ ကျောက်ကပ်ရောင်တာကနေတစ်ဆင့် နာတာရှည်ကျောက်ကပ် ဝေဒနာခံစားရတာတယ်။ ဆေးရုံမှာဆီးနဲ့ပတ်သက်ပြီး တက်ရောက် ကုသတဲ့အခါ ကျောက်ကပ်တစ်ပတ်(၂)ကြိမ်ကနေ (၃)ကြိမ်ထိ ဆေးရတော့နောက်ဆုံးကုသမှုဟာ ကျောက်ကပ်အစာထိုးခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း အစားထိုကုသမှုရှိတာကြောင့် စင်ကာပူအမျိုးသား တက္ကသိုလ်ဆေးရုံက အဖွဲ့နဲ့ပူးပေါင်းပြီး ရန်ကုန်ကလေးဆေးရုံကြီးမှာ ပထမဆုံးမနန်းယုဝေကို ၂၀၁၈ ခုနှစ်မှာ အစားထိုးခွဲစိတ်မှု ဆောင်ရွက်ခဲ့ပါတယ်။ ယခုကလေးနှစ်ဦးလည်း ကျောက်ကပ်အစားထိုးကုသနိုင်ခဲ့ပါပြီ” ဟု ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုဒွေးက ပြောသည်။ 

 

ရန်ကုန်ကလေးဆေးရုံကြီးရှိ ကလေးကျောက်ကပ်ရောဂါကုသဌာနတွင် လာရောက်ပြသကုသနေသော ကလေးများရှိပြီး နည်းပညာပိုင်းဆိုင်ရာ တိုးတက်မြင့်မားလာမှုကြောင့် ကျောက်ကပ်အစားထိုးကုသမှုလုပ်ငန်းကို ပုံမှန်ခွဲစိတ်ကုသမှုကဲ့သို့ ဝန်ဆောင်မှုပေးရန်ရှိပြီး နိုင်ငံတော်မှ ရန်ပုံငွေခွဲဝေချထား ပေးသော်လည်း အလှူရှင်များ၏ ဝိုင်းဝန်းပံ့ပိုးကူ ညီမှုလိုအပ်လျက်ရှိသည့်အတွက် ကလေးကျောက်ကပ်ဖောင်ဒေးရှင်းကို ထူထောင်ထားပြီးဖြစ်၍ ပါဝင်လှူဒါန်းနိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။

 

ကျောက်ကပ်အစားထိုးကုသရာတွင် မေ့ဆေးပါရဂူများ၊ ခွဲစိတ်ပါရဂူများ၊ သွေးကြောခွဲစိတ်ဆရာဝန်များနှင် စင်ကာပူနိုင်ငံမှ Singapore Transplant Team ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောင်တွင်မြန်မာနိုင်ငံမှ ဆရာဝန်များဖြင့်သာ ကျောက်ကပ်အစားထိုးကုသမှုကို ကြိုးပမ်းသွားမည်ဟု သိရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ-သန်းစိုး

 

2.2