အစ္စလာမ်မာဘတ်  အောက်တိုဘာ  ၂၄

ပါကစ္စတန်နိုင်ငံ၌ ပိုလီယိုရောဂါကင်းစင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပြီး ကလေးငယ် များ ပိုလီယိုရောဂါကင်းစင်သည့်   အနာဂတ်ပိုင်ဆိုင်ရေးအတွက်  အာမခံကြောင်း  ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ်က ယနေ့ ပြောကြားသည်။

အောက်တိုဘာ ၂၄  ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပိုလီယိုနေ့တွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ် က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။  ထို့ပြင်  ပါကစ္စတန်အစိုးရသည် ပိုလီယိုပပျောက်ရေးအတွက် ကမ္ဘာ့အသိုက်အဝန်းနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း လည်း ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများ  အရေးပေါ်ရန်ပုံငွေအဖွဲ့နှင့်  Bill  &  Melinda Gates ဖောင်ဒေးရှင်းတို့ကဲ့သို့ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပါကစ္စတန်နိုင်ငံသည်  ပိုလီယိုရောဂါကင်းစင်ပပျောက်ရေး ဆောင်ရွက် ရာတွင် သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများ ရရှိခဲ့ပါကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

လုံခြုံရေးစိုးရိမ်ရမှု၊ သတင်းမှားများနှင့် ဝေးလံခေါင်ဖျားသောဒေသများသို့ ရောက်ရှိရန် အခက်အခဲ များနှင့် စိန်ခေါ်မှုများရှိနေသေးကြောင်း ၎င်းက ပြောသည်။ သို့သော် ကျန်းမာရေးဝန်ထမ်းများသည် အဆိုပါ  အခက်အခဲများကြားမှ  ကလေးတိုင်း ကာကွယ်ဆေးတိုက်ကျွေးနိုင်စေရန် အားသွန်ခွန်စိုက်     ကြိုးပမ်းလျက်ရှိကြောင်းလည်း   ၎င်းက   ဆက်လက်ပြောကြားသည်။

ကလေးငယ်များ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးနိုင်စေရန်နှင့် ပိုလီယိုပပျောက်ရေးဆိုင်ရာ အသိပေးချက်များကို ဖြန့်ဝေရန် ရပ်ရွာခေါင်းဆောင်များအား ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ပိုလီယိုရောဂါဖြစ်ပွားနေသည့် နောက်ဆုံးနိုင်ငံ နှစ်ခုမှာ  ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ဖြစ်သည်။

ပါကစ္စတန်နိုင်ငံသည် ယခုနှစ်အတွင်း ဒေသအသီးသီးမှ ပိုလီယိုရောဂါဖြစ်ပွားမှု  ၄၀  ကို   မှတ်တမ်း တင်ခဲ့ကြောင်း အမျိုးသားကျန်းမာရေး အင်စတီကျု၏ အချက်အလက်များအရ သိရသည်။ ယခုနှစ် အတွင်း ကာကွယ်ဆေးတိုက်ကျွေးသည့် လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်း၌ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။                     

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အောင်ကျော်ကျော်