သြဂုတ် ၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇူလိုင်လ ၃၁ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ခေတ်မီဥစားကြက်ခြံ စီမံကိန်းရှင်းလင်းဆောင်၌ ကျေးရွာသူ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက် များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ယခုမိုးရာသီကာလတွင် နယ်မြေဒေသများသို့ ကွင်းဆင်းမှာကြား ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ရာ၌ အနာဂတ်၏ မျိုးဆက်သစ်များဖြစ်သည့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး ပိုမိုကောင်းမွန်ရေးအတွက် အလေးထား မှာကြားခဲ့သည်ကို တွေ့ရသည်။ ပေတော ကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် အခက်အခဲ ပြဿနာများ ကြုံတွေ့ရပါက ညှိနှိုင်းတိုင်ပင်ပြီး အားလုံးပူးပေါင်း ဖြေရှင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျေးရွာနှင့် ကျေးရွာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက်လည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း၊ အရေးအကြီးဆုံးမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် အရေးကြီးပါကြောင်း၊ ကလေးငယ်များသည် ကျန်းမာရေးကောင်းမွန်မှ ပညာ ကောင်းစွာ သင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ တစ်ဘဝလုံး ကောင်းမွန်ရန်အတွက် ပညာတတ်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပေတောကျေးရွာနှင့် ကျေးရွာရှိ ကလေးသူငယ်များ ရှေ့ရေးအတွက် လမ်းညွှန်မှာကြားချက်များသည် တစ်နိုင်ငံလုံးရှိ ကလေးသူငယ်များအတွက်လည်း ရည်ညွှန်းပေသည်။ ကလေးသူငယ်များ ကျန်းမာသန်စွမ်းပါမှ ပညာကို ကောင်းစွာသင်ယူ၍ ပညာတတ်များဖြစ်ကာ မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကျိုးပြုသော သားကောင်းရတနာများ ဖြစ်လာပေမည်။ နိုင်ငံတော်၏ ခေါင်းဆောင်က ကလေးသူငယ်များ အရေးကို ထိုကဲ့သို့ အလေးထား မှာကြားနေချိန်တွင် သဘာဝဘေးကြောင့် ကလေးသူငယ်များ ကျောင်းတက်ရေးနှင့် ပညာသင်ကြားရေးအတွက် ခေတ္တနှောင့်နှေးသွားခဲ့ရသည့် အခြေအနေများမှ ပြန်လည်လွန်မြောက်အောင်လည်း မျက်ခြည်မပြတ် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုးသည်းထန်ခြင်း၊ ရေကြီးရေလျှံ ဖြစ်ခြင်းတို့ကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်မြို့နယ်များမှ အခြေခံပညာကျောင်းများ ခေတ္တ ပိတ်ထားခဲ့ရာ ကလေးသူငယ်များ ပညာသင်ကြားရေး၊ ကျန်းမာရေးတ ို့ကောင်းမွန်လာရေးကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်သည်။ကျန်းမာရေးတွင် ရေဝင်ပြောင်းရွှေ့သည့် အိမ်ထောင်စု သုံးသောင်းကျော် အတွက် စိုးရိမ်ပူပန်ဖွယ် မရှိသော်လည်း ရေဝင်မပြောင်းရွှေ့သည့် ကလေးသူငယ် အပါအဝင် သက်ကြီး ရွယ်အိုများအတွက် သက်ဆိုင်ရာနှင့် အဖွဲ့အစည်းများက အစီအမံများပြုလုပ်၍ ကူညီဆောင်ရွက် ပေးကြရမည် ဖြစ်သည်။
ပညာရေးတွင် ပညာသင်ကြားမှု ဆိုင်းငံ့သွားသော ကလေးသူငယ်များ ပညာပြန်လည် သင်ကြားနိုင်ရေးကို ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရမည် ဖြစ်သည်။ လက်ရှိတွင် ဒိုက်ဦးမြို့နယ်အတွင်း စာသင်ကျောင်း ၁၂ ကျောင်း၊ ကျောက်ကြီးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်အတွင်း စာသင်ကျောင်း ၄၅ ကျောင်း၊ သနပ်ပင် မြို့နယ်အတွင်း စာသင်ကျောင်း ခြောက်ကျောင်း၊ ဝေါမြို့နယ်အတွင်း စာသင်ကျောင်း ၃၇ ကျောင်းနှင့် အခြားမြို့နယ်များအတွင်းမှ စာသင်ကျောင်းများ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းမှ စာသင်ကျောင်း များစွာတို့ ပိတ်ထားရဆဲ ဖြစ်သည်။ သို့ဖြစ်ရာ အနာဂတ်အတွက် သားကောင်းရတနာများ ဖြစ်သည့် ကလေးသူငယ်အရွယ် ကျောင်းသား ကျောင်းသူများ သဘာဝဘေးကြောင့် ပညာသင်ကြားရေးနှင့် ကျန်းမာရေး လိုအပ်ချက်များအတွက် သက်ဆိုင်ရာတို့နှင့် မိဘဆရာများ လက်တွဲပူးပေါင်းကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။ ။