ကော့ကရိတ် ၁၈ မေ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီမှစ၍ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးစုရပ်တွင် ပြန်လည်စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ခရိုင်ကျန်းမာရေးမှူး ဒေါက်တာကျော်ထိုက်ဦး၊ ဒုခရိုင် ကျန်းမာရေးမှူး ဒေါက်တာဒေါ်ဆွေဆွေခိုင်တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက်ရှိ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဧပြီ ၁ ရက်မှ ရပ်ဆိုင်းခဲ့သည့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယခုလ မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် ကလေးဦးရေ (၅၀)ဖြင့် ရပ်ကွက်(၇)ရပ်ကွက်ရှိ ကလေးများအား ရပ်ကွက်အလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးမှူး ဒေါက်တာကျော်ထိုက်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)