၁၂  ဒီဇင်ဘာ

 

မိဘတိုင်းနီးပါး သိပြီးသားကတော့ ကလေးတွေကို အသက် ၆ လ မကျော်မချင်း အမေနို့ တစ်မျိုးတည်း တိုက်သင့်တယ်ဆိုတာပါ။ ဒါပေမယ့် အသက် ၆ လ ကျော်ပြီး နောက်ပိုင်းမှာ ကလေးတွေကို ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုရင် ဘာတွေအဓိကကျွေးရမလဲဆိုတာ အခုထိ မိဘအများစုမှာ တွေဝေ နေကြတုန်းပါ။

 

ဒါဆိုဘာတွေကို အဓိက ကျွေးသင့်သလဲ

 

ဖြည့်စွက်စာကို အသက်ခြောက်လကျော်မှာ စကျွေးရတဲ့ အတွက် ကလေးကလည်း မွေးခါစ ထက်စာရင် အလေးချိန်က နှစ်ဆ ဖြစ်သွားတဲ့အတွက် မိခင် နို့တစ်မျိုးတည်း နဲ့ အာဟာရဓါတ် မလုံလောက် တော့ပါဘူး။ အဲ့ဒီထဲမှာ အရေးကြီးတဲ့ အာဟာရဓါတ် တစ်ခုကတော့ သံဓါတ်ပါ။ ကလေးငယ်များ သွေးအားကောင်းစေပြီး၊ ဉာဏ်ရည် ထက်မြက်စေဖို့အတွက် သံဓါတ် ပြည့်ဝဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ဖြည့်စွက်စာ စကျွေးတဲ့ အချိန်ကျရင် သံဓါတ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်စတဲ့ သဘာဝ အစားအစာတွေကို ဆန်ပြုတ် ပြုတ်တဲ့ နေရာမှာ ထည့်ကျွေးပေးသင့်သလို၊ ရယ်ဒီမိတ် အာဟာရမှုန့်တွေကို ကျွေးမယ်ဆိုရင်လည်း သံဓါတ် ထပ်ဖြည့်ထားတဲ့ အာဟာရမှုန့်တွေကိုကျွေးပေးသင့်ပါတယ်။

 

DHA၊ EPA စတဲ့ အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း ကျွေးပေးဖို့လိုအပ်ပါတယ်။ အိုမီဂါသရီး ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပင်လယ်ငါး၊ အစေ့အဆန် စတာတွေ ကျွေးပေး လို့ရသလို မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ဖွဲနုဆီ၊ canola ဆီ စတာတွေ ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ အစားအစာတွေကို ဖြည့်စွက်စာ ချက်တဲ့နေရာမှာ ထည့်ချက်ပေးလို့ရပါတယ်။ အစေ့အဆန်တွေ ကတော့ ကလေးငယ်တွေ အသက် ၃ နှစ်ကျော်မှ စကျွေးသင့်ပါတယ်။ အခန့်မသင့်ရင် အစာမျို ပြွန်နေရာမှာ ပိတ်ပြီး သီးတတ်ပါတယ်။ အသင့်စား အာဟာရမှုန့် ကျွေးမယ်ဆိုရင်လည်း DHA၊ EPA ထပ်ထည့်ထားတဲ့ အာဟာရမှုန့်တွေ ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

 

ပရိုဘိုင်အော့တစ် (probiotic) ကြွယ်ဝတဲ့ အစားအစာကျွေးပေးပါ။ ကလေးတွေအတွက် အကောင်းဆုံး ကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်ကို တစ်ပတ် နှစ်ရက်လောက် ကျွေးပေးသင့်ပါတယ်။ အခုဆိုရင် အသင့်စား အာဟာရမှုန့်တချို့ မှာလည်း probiotic တွေ ထပ်ဖြည့်လာတာတွေ့ရပါတယ်။ ဒါမျိုးလေးတွေကို ကျွေးခြင်းအားဖြင့် ကလေးငယ်တွေအတွက် ဝမ်းဗိုက်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။

 

အာဟာရမှုန့်ဖြစ်ဖြစ်၊ သဘာဝ အစားအစာဖြစ်ဖြစ် ကလေးတွေ တစ်နေ့ကို ခြောက်လသားဆိုရင် လေးကြိမ်ကျွေးပြီး၊ ၇ လ နှင့် အထက်ဆိုရင်တော့ ၆ ကြိမ်လောက်ကျွေးပေးသင့်ပါတယ်။ ကလေးငယ် တွေမှာ အာဟာရပြည့်ဖို့အတွက် နည်းနည်း နဲ့ ခဏခဏ ကျွေးပေးဖို့ အရေးကြီးပါတယ်။

 

Snack ကျွေးတဲ့ နေရာမှာလည်း ကိုယ်ခန္ဓာ ကြီးထွားဖွံဖြိုးစေတဲ့ protein (အသားဓါတ်) ကြွယ်ဝတဲ့ အစားအစာ၊ ကိုယ်ခံအားကောင်းစေတဲ့ ဇင့် (zinc) ဓါတ်ကြွယ်ဝတဲ့ snack တွေ ကို စားပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် ကြော်ထားတာမျိုး မဟုတ်ဘဲ၊ Bake လုပ်ထားတဲ့ အစားအစာလေးတွေ ကို ကျွေးပေး သင့်ပါတယ်။

 

ရေးသားသူ Arkar Hein

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”