ကလေးငယ်တို့၏ဘဝတွင် စိန်၊ ရွှေ၊ ငွေ၊ ရတနာ၊ စည်းစိမ်ဥစ္စာတို့သည် ဘာမျှတန်ဖိုးမရှိပါ။ တန်ဖိုးရှိမှန်းလည်း မသိပါ။ မက်မောခြင်းလည်းမရှိပါ။ ကလေးငယ်တို့ဘဝအတွက် အမက်မောဆုံးအရာ၊ တန်ဖိုးအရှိဆုံးအရာမှာ မေတ္တာဖြစ်ပါသည်။ ချစ်ခင်ကြင်နာယုယခြင်းသည် ကလေးတို့၏ မြတ်နိုး ရာဖြစ်သည်။ ကလေးငယ်များသည် အပြစ်ကင်းစင် သူများဖြစ်သည်။ အပြစ်ကင်းသဖြင့် အကုသိုလ်စိတ်မရှိ။ အကုသိုလ်မရှိသဖြင့် ကလေးကို နတ်စောင့်သည်ဟုပင်ဆိုကြသည်။


မျက်မှောက်ကာလ လူမှုပတ်ဝန်းကျင်လောက၌ လောကပါလ တရားများ၊ ကိုယ်ကျင့်တရားများ ခေါင်းပါးလာသော အခါတွင် အပြစ် ကင်းစင်သည့် ကလေးငယ်များသည်ပင် စောင့်ရှောက်မှုကင်းမဲ့လာသည်။ လူမှုဘဝ အခြေအနေအရ မိဘအုပ်ထိန်းသူနှင့် ပတ်ဝန်းကျင်မှ မေတ္တာ တရားများ ပါးလျားလာသည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသော မိသားစုမှ ကလေးငယ်များ၊ သက်ငယ်မိန်းကလေးအရွယ်များအတွက် လုံခြုံမှုနှင့် စောင့်ရှောက်မှုများ လိုအပ်လာသည်။


ကလေးငယ်များသည် မိဘ၏ မေတ္တာရိပ်အောက်တွင်သာ ခိုလှုံချင် သည်။ မိဘတို့၏ မေတ္တာကို ငံ့လင့်နေသည်။ တစ်ချိန်သောကာလက မိသားစုတစ်စုတွင် ဖခင်တစ်ဦး၏ ရှာဖွေကျွေးမွေးမှုဖြင့် ရပ်တည်ကြပြီး မိခင်အများစုမှာ မိမိတို့၏သားသမီးငယ်များအား ရင်အုပ်မကွာ စောင့် ရှောက်ကြသည်။ ဖခင်မေတ္တာကို အပြည့်မရသော်လည်း မိခင်မေတ္တာကို အပြည့်ရကြသည်။ ကလေးငယ်များဘဝ လုံခြုံစိတ်ချမှုရှိကြသည်။


မျက်မှောက်ကာလတွင် ကလေးငယ်များ၏ဘဝမှာ ထိုသို့မဟုတ်ပြီ။ မိခင်ရော ဖခင်ပါ ဘဝရပ်တည်ရေးအတွက် ပြင်ပသို့ထွက်၍ လှုပ်ရှား ရုန်းကန်နေကြသည်။ အဆင်မပြေသူလည်းရုန်းကန်၊ အဆင်ပြေသူလည်း ပို၍ အဆင်ပြေစေရန် ရုန်းကန်လှုပ်ရှားနေကြသည်။


ရှေးဦးအရွယ် ကလေးသူငယ်များအား မေတ္တာရင်ငွေ့ပေးရေး၊ ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးသည် မိသားစုဘဝ အတွက်သာမက နိုင်ငံအနာဂတ်အတွက်ပါ အရေးကြီးသည်။ ရေရှည်တွင် စွမ်းရည်ပြည့်ဝပြီး အရည်အချင်းရှိသော လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာရေးတွင် ရှေးဦး အရွယ် ကလေးသူငယ်များဘဝမှစ၍ ပြုစုပျိုးထောင်ရန် လိုအပ်သည်။ လူတစ်ယောက်၏ ဦးနှောက်ဖွံ့ ဖြိုးရေးသည် ရှေးဦးကလေးငယ်၏ ရက်ပေါင်း တစ်ထောင် (သုံးနှစ်)အတွင်း ပြုစုစောင့်ရှောက်ခြင်းနှင့်သက် ဆိုင်ပြီး ထိုကာလအတွင်း ကလေးငယ်ကို ပြုစုစောင့်ရှောက်ရန်မှာ မိဘ များ၏ အဓိကတာဝန်ဖြစ်သည်။ အကယ်၍ မိဘမဲ့ကလေးငယ်ဖြစ်လျှင် လူမှုအဖွဲ့အစည်းများ၊ အစိုးရ ကလေးသူငယ်အဖွဲ့အစည်းများက စောင့်ရှောက်ကြရမည်ဖြစ်သည်။


လက်ရှိတွင် အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသော ကလေးငယ် ပြုစုပျိုးထောင်စောင့်ရှောက်ရေး နေ့ကလေးထိန်းဂေဟာများ၊ မူကြို ကျောင်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အရေအတွက် အလွန် နည်းပါးသောကြောင့် ပြင်ပကလေးထိန်းသိမ်းစောင့်ရှောက်ပျိုးထောင် ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည်။ အစိုးရအနေဖြင့် ကိုယ်ထူကိုယ်ထ ကလေးကျောင်းများကို ထောက်ပံ့ကူညီပေးခြင်း၊ လုပ်ငန်းလမ်းညွှန်ပေး ခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


သို့ဖြစ်ရာ ကလေးသူငယ်များကို မိဘအုပ်ထိန်းသူများက ပြုစုပျိုး ထောင်စောင့်ရှောက်ရန်မှာ အဓိကဖြစ်ပြီး အကယ်၍ တိုက်ရိုက်စောင့် ရှောက်မှုမပေးနိုင်ပါက မျက်ခြည်မပြတ် စောင့်ကြည့်သင့်သည်။ ကလေး ငယ်များသည် အသိမကြွယ်သေးသည့် အလွန်နုနယ်သော အရွယ်ဖြစ်၍ တိုက်ရိုက်စောင့်ရှောက်သည်ဖြစ်စေ၊ သွယ်ဝိုက် စောင့်ရှောက်သည်ဖြစ်စေ မျက်မှောက်အခြေအနေတွင် ကလေးငယ်များ လုံခြုံစိတ်ချဖွံ့ ဖြိုးရေး အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ။


ကြေးမုံ