နေပြည်တော် ၁ ဖေဖော်ဝါရီ

 

ပုံမှန်ကာကွယ် ဆေးထိုး/တိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်ဆေး (စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း ဗဟိုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။

 

ပထမဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒေါက်တာစိုးဦး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ် Ms. June Kunugiတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

+8

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို (၁၂)ခုမြောက်ရောဂါ ကာကွယ်ဆေးအဖြစ် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွင် ထည့်သွင်းထိုးနှံသွားမည်ဖြစ်ပါ၍ ဝန်ကြီးဌာနနှင့် ပြည်သူများအတွက် အရေးကြီးသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ကလေးများတွင် ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရိုတာဗိုင်းရပ်စ်ကြောင့် အဓိကဖြစ်ပွားပြီး ရိုတာဗိုင်းရပ်(စ်)သည် အလွန်ကူးစက်မြန်ပါကြောင်း။

 

ဝမ်းမလျှောခင် (၂)ရက်အလိုနှင့် ဝမ်းလျှောပြီး (၁၀)ရက်အထိ ဗိုင်းရပ် (စ်) ပိုးရှိနေတတ်ပြီး ပတ်ဝန်းကျင်တွင် (၉)ရက်မှ (၁၉)ရက်အတွင်း အသက်ရှင်နေနိုင်ပါ၍ ကလေးများထံသို့ လွယ်ကူစွာ ပျံ့နှံကူးစက်နိုင်ပါကြောင်း၊ ထို့အပြင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် အသက် (၁၈)လပြည့်ပြီး ကလေးများကို စတုတ္ထအကြိမ် ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေးကိုပါ ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် (၂၀၂၀) ခုနှစ်၊ ဇူလိုင် (သို့မဟုတ်) ဩဂုတ်လတွင် မြန်မာတစ်နိုင်ငံလုံးရှိ အသက် (၉) နှစ်မှ (၁၀) နှစ် အရွယ်ရှိ မိန်းကလေးများကိုသား အိမ်ခေါင်းကင်ဆာရော ဂါကာကွယ်ဆေး (Human Papilloma Virus Vaccine) ကိုလည်း ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွင် (၁၃) ခုမြောက် ရောဂါကာကွယ်ဆေးအဖြစ် ထပ်မံထည့်သွင်းထိုးနှံပေးသွားမည် ဖြစ်ပါကြောင်း။

 

ကလေးငယ်များသည် ဝမ်းလျှောနေစဉ်တွင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတိုးတက်မှုများကို များစွာထိခိုက်နိုင်ပြီး အခြားရောဂါများလည်း ကူးစက်ဖြစ်ပွားနိုင်ပါ၍ ပြည်သူများက မိမိတို့၏ ကလေးများကို ကာကွယ်ဆေးတိုက်ကျွေးပေးရမည် ဖြစ်ပါကြောင်း၊ ရိုတာဗိုင်းရပ်(စ်) ရောဂါကာကွယ်ဆေး (၂)ကြိမ်တိုက်ကျွေးခြင်းအတွက် ကုန်ကျငွေမှာ (၄)ဒေါ်လာဖြစ်ပြီး ကာကွယ်ဆေးသယ်ဆောင်ခ စသည့် ကုန်ကျစရိတ်များပါ ထည့်သွင်းတွက်ချက်ပါက ကလေးတစ်ဦးလျှင် (၇) ဒေါ်လာကုန်ကျပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၀)သန်းခန့် သုံးစွဲလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဘဏ္ဍာငွေအများဆုံး ပံ့ပိုးကူညီပေးနေသော Gavi, the Vaccine Alliance အဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယခုထိုးနှံပေးနေသော (၁၂)မျိုးမြောက် ကာကွယ်ဆေးဖြစ်သော ရိုတာ ဗိုင်းရပ်(စ်) ရောဂါကာကွယ်ဆေးကို ပြည်သူများအနေဖြင့် မပျက်မကွက် ထိုးနှံတိုက်ကျွေးကြရန် နှိုးဆော်ပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက ကာကွယ်ဆေးထိုးဆေး တိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုပါကြောင်း။

 

ယခုလုပ်ငန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာနှင့်အဖွဲ့က ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာတွင် အနီးကပ်ကြီးကြပ် ဆောင်ရွက်နေပါကြောင်း၊ လှိုင်သာယာမြို့နယ်သည် လူဦးရေထူထပ်သိပ်သည်းမှုကြောင့် ရောဂါကူးစက်နိုင်ခြေလွန်စွာများခြင်း၊ နိုင်ငံတစ်ဝန်းမှ လူများစုဝေးရောက်ရှိနေခြင်းတို့ကြောင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများတွင် ဆေးမရရှိသော ကလေးများကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လှိုင်သာယာမြို့နယ်မှ ပြည်သူများ ယခုကာကွယ်ဆေးအပါအဝင် ရောဂါကာကွယ်ဆေးများ၏ အကျိုးကျေးဇူးများကို သိရှိရန်အတွက် ယခုအခမ်းအနားကို လှိုင်သာယာမြို့နယ်တွင် ကျင်းပရခြင်းဖြစ်ပါကြောင်း။

 

ယခု ရိုတာဗိုင်းရပ်(စ်) ရောဂါကာကွယ်ဆေးကို သတ်မှတ်ထားသော အသက်အရွယ်၌ (၂)ကြိမ် တိုက်ကျွေးခြင်းဖြင့် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ လျော့နည်းခြင်း၊ ကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုများ ကောင်းမွန်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ပြည်သူများအတွက် ရောဂါကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်း အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi တို့က အမှာစကားပြောကြားကြသည်။

 

95

 

ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာဖွင့်လှစ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ ပြခန်းများကို လှည့်လည်ကြည့်ရှုပြီး ကာကွယ်ဆေးထိုး/တိုက်နှံရန် လာရောက်လာသည့် ကလေးများကိုအားပေးပြီး အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

 

သတင်းစဉ်