ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးတွေကို အနားရစေပြီး ပိုမိုအိပ်ပျော်စေနိုင်တဲ့အပြင် အငိုလည်း နည်းစေနိုင်ပါတယ်၊ လို့ The Cochrane Library ကလေ့လာမှုတစ်ရပ်အရ သိရပါတယ်။
မွေးကင်းစကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက မိခင်နဲ့ ကလေးတို့ကြားက အပြန်အလှန်နားလည်မှု ရရှိစေနိုင်မှာဖြစ်တဲ့အပြင် ကလေးရဲ့အိပ်စက်မှုပိုင်းမှာလည်း အထောက်အကူပြုပြီး ကလေးငိုတာကိုလည်း သက်သာစေတဲ့အပြင် ကလေးတွေကိုနှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်တာကိုလည်း သက်သာစေပါတယ်။ ဥပမာပြောပြရရင် ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကြောင့် ကလေးငယ်တွေမှာ ဆီးခဏခဏသတာမျိုးကို သက်သာလျော့ပါးစေပါတယ်။
လေ့လာမှုတွေအတွင်း ကလေးကိုအချိန်ဘယ်လောက်ကြာအောင် နှိပ်ပေးတာနဲ့ ဘယ်လိုနှိပ်ပေးတာက ကောင်းလဲဆိုတာတွေကို လေ့လာခဲ့ပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးငယ်ရဲ့ကြီးထွားမှုကို ထိခိုက်မှုမရှိစေသလို အန္တရာယ်ရှိစေတာမျိုးလည်း မရှိပါဘူး၊ လို့သိရှိရပါတယ်။
ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာနဲ့ပတ်သက်ပြီး နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်ကြည့်ဖိုတော့ လိုအပ်ဦးမှာဖြစ်ပါတယ်။ မိမိရဲ့ ကလေးငယ်ကို နှိပ်နယ်ပေးချင်တယ်ဆိုရင်တော့ အရင်ဆုံးဆရာဝန်နဲ့တိုင်ပင်ပါ။ ကလေးငယ်လေးတွေကို ဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာက အရမ်းကိုအရေးကြီးပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတဲ့နေရာမှာ အရေးကြီးဆုံးအချက်တစ်ခုက မှန်ကန်တဲ့ဆီရွေးချယ်မှုပဲ ဖြစ်ပါတယ်။
ညင်ညင်သာသာနှိပ်နယ်ပေးတာက ကလးငယ်ကို စိတ်ခံစားမှုကောင်းမွန်စေပြီး ကလေးငယ်ရဲ့ အရေပြားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကိုပြည့်ဝစေပါတယ်။ ကလေးငယ်ရဲ့ အရေပြားမှာလိုအပ်တဲ့ အာဟာရဓာတ်ပြည့်ဝစေဖို့အတွက်က ရွေးချယ်တဲ့ အဆီအပေးမှာ လုံးဝမူတည်နေတာဖြစ်ပါတယ်။
ကလးငယ်တွေကို မနှိပ်နယ်ပေးခင် ဘာတွေသိထားသင့်သလဲ
မိမိကလေးငယ်ကို နှိပ်နယ်ပေးချင်ပေမယ့် ဘယ်လိုနှိပ်နယ်ပေးရမလဲဆိုတာကို မသိတာမျိုးလည်း ရှိနိုင်ပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကလေးအရေပြားပေးမှာ ဆီကိုမလူးပေးခင် မိမိလက်ထဲ အရင်ဆုံးနည်းနည်းထည့်ပြီး အရေပြားနဲ့ သင့်တော်မှု ရှိ၊မရှိ စစ်ဆေးပါ။ ဆီလူးပေးတာကြောင့် ကလေးငယ်ရဲ့ အရေပြားမှာ အင်ပျဉ်လိုမျိုး အနီကွက်တွေဖြစ်လာမယ်ဆိုရင်တော့ ဆီကို ဆက်မသုံးပါနဲ့။
ကလေးငယ်ရဲ့ ဝမ်းဗိုက်ပေါ်ကို ဆီအနည်းငယ်ဖြည်ညင်းစွာလောင်းပေးပြီး ညင်ညင်သာသာနှိပ်နယ်ပေးပါ။ မလိုအပ်ဘဲ တအားအားစိုက်နှိပ်နယ်တာမျိုး မလုပ်ပါနဲ့။
ကလေးကိုနှိပ်နယ်ပေးတဲ့အခါမှာလည်း
ကလေးငယ် သက်တောင့်သက်သာဖြစ်ဖို့က အရေးအကြီးဆုံးအချက်ဆိုတာကို သတိရပါ။
ကလေးရဲ့အိပ်စက်ချိန်ကို စစ်ဆေးပြီး နှိပ်နယ်ပေးရမယ့်အချိန်ကို သေသေချာချာသတ်မှတ်ပါ။
နွေရာသီမှာ ကလေးငယ်လေးတွေရဲ့ အရေပြားအတွက် အကောင်းဆုံးသော အဆီများ
အုန်းဆီ
အုန်းဆီက ကလေးငယ်လေးတွေအရေပြားအတွက် သင့်တော်တဲ့အဆီတစ်မျိုးပါ။ စေးပျစ်မှုမရှိစေဘဲ အရေပြားက အလွယ်တကူစုပ်ယူစေနိုင်တဲ့အပြင် ခန္ဓာကိုယ်အရေပြားကိုလည်း အအေးဓာတ်ရရှိစေမှာ ဖြစ်ပါတယ်။ ထိခိုကလွယ်တဲ့ အရေပြားအမျိုးအစားအတွက်လည်း အုန်းဆီကထိရောက်တဲ့ သဘာယဆေးတစ်လက်ပါ။ အုန်းဆီက နှင်းခူ၊ အင်ပျဉ်၊အရေပြားမှာ အကွက်တွေပေါ်တာနဲ့ အရေပြားနီမြန်းနာကျင်တာ၊ (cradle cap) ကလေးဦးရေပြားအဆီထွက်များ၊ အရေခွံကွာသောပြဿနာလိုမျိုး အရေပြားပြဿနာတွေကို သက်သာစေပါတယ်။ ကလေးကိုရေချိုးပေးပြီးတဲ့အခါ အရေပြားကို အုန်းဆီလေးခပ်ပါးပါး လူးပေးမယ်ဆိုရင် ကလေးငယ်ရဲ့အရေပြားကို အစိုဓာတ်ထိန်းပေးပြီး လိုအပ်တဲ့အာဟာရဓာတ်တွေ ရရှိစေမှာဖြစ်ပါတယ်။ အုန်းဆီမှာကလေးငယ်ရဲ့ အရေပြားအတွက် အဓိကလိုအပ်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ၊ lauric နဲ့ caprylic အက်ဆစ်တွေပါဝင်ပါတယ်။ အုန်းဆီမှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိနဲ့ မှိုပိုးတွေကိုသေစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ဓာတုပစ္စည်းတွေပါဝင်မှုကင်းစင်တဲ့ သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ အုန်းဆီဖြစ်ဖိုပတော့ အရေးကြီးပါတယ်။
နှမ်းဆီ
နှမ်းဆီက ဆေးဖက်ဝင်တယ်ဆိုတာကို တော်တော်များများက သိထားပြီးသားဖြစ်မှာပါ။ နှမ်းဆီက လူကြီးတွေအတွက်သာမက ကလေးငယ်လေးတွေအတွက်ပါ ကျန်းမာရေးအကျိုးများလှပါတယ်။ နှမ်းဆီကို စာသုံးလို့လည်းရသလို အရေပြားအလှအပအတွက်လည်း အသုံးပြုလို့ရပါတယ်။ နှမ်းဆီကလည်း ကလေးငယ်လေးတွေကို နှိပ်နယ်ပေးရာမှာ အသုံးဝင်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ ကလေးငယ်လေးတွေအတွက် ဆိုရင်တော့ နှမ်းနက်စေ့အဆီက ပိုပြီးသင့်တော်ပါတယ်။ နှမ်းနက်ဆီက နှမ်းစေ့အဖြူကနေ ထုတ်ထားတဲ့အဆီထက် ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။
ဆောင်းရာသီမှာ ကလေးတွေအရေပြားအတွက် အကောင်းဆုံးသောအဆီများ
မုန်ညှင်းဆီ
မုန်းညှင်းဆီက ဆောင်းရာသီမှာကလေးတွေကို နှိပ်နယ်ပေးဖို့အတွက် အသုံးပြုသင့်တဲ့အကောင်းဆုံးသော အဆီတစ်မျိုးပါ။ အရေပြားကိုနွေးစေပါတယ်။ မုန့်ညှင်းဆီတစ်မျိုးတည်းကိုလူးဖို့တော့ အကြံမပြုလိုပါဘူး။ အခြားအဆီတစ်မျိုးနဲ့ ရောစပ်အသုံးပြုဖို့ အကြံပြုလိုပါတယ်။ အိန္ဒိယအရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာတော့ မုန်ညှင်းဆီကို ကြက်သွန်ဖြူ ပဲနံ့သာစေ့တို့နဲ့ရောစပ်ပြီး အပူပေးပြီးမှ ကလေးငယ်တွေမှာ လူးပေးလေ့ရှိပါတယ်။ ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပြီး ပဲနံ့သာစေ့ကကလေးရဲ့ အရေပြားကို သက်တောင့်သက်သာ ရှိစေပါတယ်။
သံလွင်ဆီ
သံလွင်ဆီက ကလေးတွေကို နှိပ်နယ်ပေးဖိုအတွက် သင့်တော်တဲ့ အဆီတစ်မျိုးလို့ တော်တော်များများက သိထားကြပါတယ်။ ကလေးတွေအတွက် နှိပ်နယ်ရာမှာ အသုံးပြုဖို့ထုတ်ထားတဲ့ အဆီတော်တော်များများထဲမှာ သံလွင်ဆီအဓိကပါဝင် ပစ္စည်းတစ်ရပ်အနေနဲ့ ပါဝင်နေတတ်ပါတယ်။ သံလွင်ဆီက ကလေးငယ်ရဲ့ အရေပြားမှာနီမြန်းပြီး အဖုအပိမ့်တွေထွက်တာ၊ ကွဲအက်တာ၊ နှင်းခူနဲ့ အခြားအရေပြား ဓာတ်မတည့်မှုဖြစ်စေတဲ့ လက္ခဏာတွေမတွေ့ရပါဘူး။
အထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင် ကလေးငယ်တွေအတွက်တော့ သံလွင်ဆီနဲ့မသင့်တော်ပါဘူး။ သံလွင်ဆီကအရေပြားရဲ့ စုပ်ယူနိုင်မှုကို မြှင့်တင်ပေးပါတယ်။ အရေပြားကို အစိုဓာတ်ရရှိစေနိုင်ပေမယ့် အရေပြားကို ထပ်မံခြောက်သွေ့မှုမဖြစ်အောင်တော့ ထိန်းပေးနိုင်စွမ်းနည်းပါတယ်။ အရေပြားပြဿနာရှိသူတွေအတွက်တော့ သံလွင်ဆီက သိပ်မသင့်တော်ပါဘူး။
ဗာဒံစေ့ဆီ
ဗာဒံစေ့က ကလေးငယ်တွေအတွက် ထုတ်လုပ်ထားတဲ့ အရေပြားလိမ်းဆီတွေမှာ ပါဝင်လေ့ရှိတဲ့ အဆီတစ်မျိုးပါ။ ဗာဒံစေ့အဆီမှာ ဗီတာမင် အီးကြွယ်ဝစွာပါဝင်ပါတယ်။ ဗာဒံစေံအဆီစစ်စစ်ကို အသုံးပြုဖို့တော့လိုပါတယ်။ ဆောင်းရာသီမှာ ကလေးငယ်တွေအတွက် လူးပေးဖို့သင့်တော်တဲ့ အဆီတစ်မျိုးပါ။ ဗာဒံစေ့အဆီကို ကလေးရေချိုးတဲ့အဆီအဖြစ်လည်း အသုံးပြုလို့ရပါတယ်။ ဗာဒံစေ့အဆီက ကလေးကို သက်တောင့်သက်သာဖြစ်စေနိုင်သလို စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ပိုပြီးလည်း အိပ်ပျော်စေပါတယ်။
အထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်ကလေးငယ်များအတွက် အသင့်တော်ဆုံးအဆီများ
မိမိကလေးငယ်ရဲ့ အသားအရေက အထိခိုက်လွယ်ပြီး နှင်းခူ (သို့) ခြောက်သွေ့လွယ်တယ်ဆိုရင်တော့ သံလွင်ဆီလိုမျိုး ဟင်းသီးဟင်းရွက်တွေကနေ ရရှိတဲ့အဆီတွေနဲ့ oleic အက်ဆစ်ပါဝင်မှုများတဲ့ နေကြာစေ့အဆီလိုမျိုးအဆီတွေကို အသုံးမပြုသင့်ပါဘူး။
ဟင်းသီးဟင်းရွက်တွေကနေ ရရှိတဲ့အဆီတွေထဲမှာမှ linoleic အက်ဆစ်ပါဝင်တဲ့အဆီကတွေက အထိခိုက်လွယ်တဲ့ ကလေးငယ်တွေရဲ့ အရေပြားအတွက် သင့်တော်ပါတယ်။ မိမိကလေးနဲ့သင့်တော်မယ့် အဆီကိုဆရာဝန်နဲ့ တိုင်ပင်ပြီးရွေးချယ်ဝယ်ယူနိုင်ပါတယ်။
နေကြာဆီ
နေကြာဆီက အရေပြားအတွက် သင့်တော်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ အန္တရာယ်လည်းကင်းပါတယ်။ နေကြာဆီမှာ အရေပြားကို အာဟာရဓာတ် ဖြည့်တင်းပေးတဲ့ ဗီတာမင် အီးနဲ့ fatty acid တွေပါဝင်နေပါတယ်။ အထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်ကလေးငယ်တွေကို နေကြာဆီမလူးပေးသင့်ပါဘူး။
ချာမိုမိုင်းအဆီ
အထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်ကလေးငယ်တွေအတွက် အထူးသင့်တော်ပါတယ်။ အရေပြားပေါ်က အနီရောင်အဖုအပိမ့်တွေနဲ့အရေပြား ပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေထိုးလေအောင့်တဲ့ ကလေးငယ်တွေအတွက်လည်း နေကြာဆီကအထူးသင့်တော်ပါတယ်။ လေထိုးလေအောင့်တာကို သက်သာစေပြီး ကလေးငယ်ကို ကောင်းကောင်းအိပ်ပျော်စေမှာ ဖြစ်ပါတယ်။
လက်ဖက်ပင်အဆီ
လက်ဖက်ပင်အဆီက သဘာဝအဆီတစ်မျိုးဖြစ်ရုံသာမက ပိုးမွှားတွေကို သေစေနိုင်စွမ်းလည်းရှိပါတယ်။ ကလေးတွေမှာဖြစ်တတ်တဲ့ အရေပြားဓာတ်မတည့်မှုကို သက်သာစေပြီး ကလေးငယ်တွေကို သက်တောင့်သက်သာဖြစ်စေပါတယ်။
ကြက်ဆူဆီ
ကလေးငယ်ကို ရေမချိုးခင်မှာ လူးပေးလို့ရပါတယ်။ ခြောက်သွေ့တဲ့ အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေအတွက် အသုံးပြုနိုင်ပါတယ်။ ကလေးငယ်ရဲ့ မျက်လုံးနဲ့ မျက်ခွံတဝိုက်မှာ အသုံးမပြုမိဖို့တော့ လိုပါတယ်။
တစ်နေ့ကို မိနစ်အနည်းငယ်လောက် ကလေးငယ်ကိုကြက်ဆူဆီသုံးပြီး နှိပ်နယ်ပေးပါ။ ကလေးရဲ့ အရေပြားအပြင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”