နေပြည်တော် ၃ ဇူလိုင်
ယနေ့ပြည်သူလူထုအကြား တုန်လှုပ်ဖွယ်အကောင်းဆုံး၊ စိတ်မလုံမခြုံ အဖြစ်ရဆုံး၊ ကြားရသည်နှင့် စက်ဆုပ်ရွံရှာမှု အဖြစ်ရဆုံးသတင်းများမှာ သက်ငယ်မုဒိမ်းဟူသည့် ဖြစ်ရပ်များဟု ဆိုချင်ပါသည်။
သက်ငယ်မုဒိမ်းဟူသည်မှာ စကားလုံးကသည်ပင်လျှင် လူမှုအသိုင်းအဝိုင်းအတွက် အလွန်ပင် မကြားဝံ့မနာသာ ဖြစ်ရသော အသုံးအနှုန်းဖြစ်ပါသည်။ မည်သို့မျှ နားလည်နိုင်စွမ်း မရှိလောက်အောင် ယုတ်မာဆိုးရွားလှသည့်၊ မည်သို့မျှ ခွင့်လွှတ်နိုင်စရာ မရှိသည့် အမူအကျင့်လုပ်ဆောင်မှုကို တစ်နေရာ၊ နှစ်နေရာမျှမဟုတ်ဘဲ ဟိုမှာသည်မှာ၊ နေရာအများအပြားမှာ တွေ့ရကြားရသည်ကိုက နိုင်ငံအတွက်ဝမ်းနည်းစရာ ဖြစ်လှပါပြီ။
ဤမျှလောက်အနာဂတ်ကို ခြိမ်းခြောက်နေသော အဖြစ်ဆိုးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိန်းကွပ်ကြရန် လိုပါမည်။ အနှီကိစ္စကို တစ်မျိုးသားလုံး၏ အရေးအဖြစ် သဘောထားဆုံးဖြတ်ချက်ချကာ အရေးယူဆောင်ရွက်ကြရန် လိုပြီဟုလည်း ယူဆပါသည်။
ပစ္စက္ခကာလတွင် ကလေးငယ်များကို မည်သို့စောင့်ရှောက်နေသည်၊ မည်သို့ ထိန်းသိမ်းနေသည်၊ မည်သို့ဂရုစိုက်ကာ ပြုစုပျိုးထောင်နေသည်ဆိုခြင်းကို လေ့လာလျှင် ထိုနိုင်ငံ၏ အနာဂတ်မည်သို့ ပွင့်လန်းတိုးတက်လာမည်လဲ၊ မည်သို့ဆုတ်ယုတ် နိမ့်ကျသွားမည်လဲဆိုသည်ကို တပ်အပ်မုချ ပြောနိုင်ပြီဟု အဆိုရှိသည်။
ယနေ့ လူကြီးများနေရာတွင် နေရာယူလာကြမည့် ကလေးငယ်များကို ကိုယ်ခန္ဓာရော၊ စိတ်ဓာတ်ခွန်အားပါ သန်သန်မာမာ စွမ်းရည်ရှိရှိ ရင့်ကျက်သူများ၊ ယဉ်ကျေးသူများ ဖြစ်လာရေးဟူသည် လုံခြုံစိတ်ချပညာပြည့်ဝ နွေးထွေးသည့်ဝန်းကျင်နှင့် အာဝါသ အောက်ကသာ ဖြစ်နိုင်ပါသည်။
ကလေးငယ်များ၏ ပညာရေးဆိုင်ရာ ဝန်းကျင်များတွင်ပါ သည်ကဲ့သို့ ဖြစ်ရပ်မျိုးကို ကြုံတွေ့နေရသည်မှာ သည့်ထက် ဆိုးရွားသော အခြေအနေ မရှိတော့ဟုပင် ဆိုနိုင်ပါသည်။
ကလေးငယ်များအတွက် လုံခြုံဘေးကင်းစေရေးနှင့် ကလေးငယ်များအား ဤကိစ္စမျိုးနှင့် ဆက်နွှယ်ပတ်သက်သော လိုအပ်သည့် ပညာပေးရေး လုပ်ငန်းမှန်သမျှတို့ကို အရေးပေါ် အထူးပြုဆောင်ရွက်ကြရန် လိုပါမည်။
အမှုကိစ္စများ မဖြစ်ပေါ်ရေးအတွက် အစီအမံများ လိုအပ်သကဲ့သို့ ဖြစ်ပေါ်သမျှသော အမှုများကိုလည်း နိုင်နင်းစွာ ကိုင်တွယ်ဆောင်ရွက် အရေးယူကြရန် လိုပါမည်။ အပြစ်ကျူးလွန်သူ ပိုင်ပိုင်နိုင်နိုင် ဖမ်းမိရေး၊ ပြစ်မှုနှင့်ကိုက်ညီ ထိုက်သင့်သော ပြစ်ဒဏ်ပေးနိုင်ရေးအစရှိသည့် ထိရောက်သော ဥပဒေစိုးမိုးမှုများကို လွှမ်းခြုံသည့် အနေအထားဖြစ်ရန် လိုပါမည်။
မြို့ကြီးပြကြီး၊ လူမြင်သူမြင်၊ မမြင်ကွယ်ရာဟူ၍ မရှိနိုင်လောက်သည့် ခေတ်မီနည်းပညာများ၊ အခြေခံအဆောက်အအုံများ၏ ဝန်းကျင်မှာပင် သည်လိုအမှုအခင်းများ ဖြစ်ပွားနေသည်ဆိုလျှင် ဝေးလံသီခေါင်သည့် ဒေသများအတွက် ပိုမိုရင်လေးစရာ၊ စိတ်ပူပန်စရာဖြစ်ပါလိမ့်မည်။ သည်လို အခြေအနေတွင် ဥပဒေစိုးမိုးရေးနှင့် ကလေးသူငယ်ဆိုင်ရာ ပညာပေးရေး လုပ်ငန်းများက ရှေ့တန်းရောက်နေဖို့ လိုအပ်ပါသည်။
ကလေးငယ်များ လုံခြုံဘေးကင်းစွာ ပျော်ရွှင်စွာနေထိုင်ဆော့ကစား ရှင်သန်ရေး၊ ပညာသင်ကြား နိုင်ကြရေးဆိုသည်တို့ထက် ပို၍အရေးကြီးသည့် အမျိုးသားရေး လိုအပ်ချက်မရှိဟု ဆုံးဖြတ်ချက်ချမှတ်ကာ ပိုင်နိုင်ထိရောက်စွာ အရေးတယူ ဆောင်ရွက်ကြရန် နှိုးဆော်အပ်ပါသတည်း။ ။
မြန်မာ့အလင်း