နေပြည်တော် ၂၉ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ကလေးပြုစုရေးဌာနများနှင့် ဝန်ကြီးဌာနအသိအမှတ်ပြု ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန် ငွေကျပ် သိန်း (၁၀၀) တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများကို ဗိုလ်ချုပ်မောင်မောင်ဆွေ(ငြိမ်း)နှင့် ဇနီး ဗိုလ်ကြီးဒေါ်တင်တင်နွဲ့ (ငြိမ်း) မိသားစုတို့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့ နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်ခံရယူသည်။
အလှူရှင် ဗိုလ်ချုပ် မောင်မောင်ဆွေ(ငြိမ်း)က ကိုယ်ခံအားနည်းပါးကြသည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ပြုစုစောင့်ရှောက်နေကြသူများအတွက် ကိုဗစ်-၁၉ ကာလအတွင်း အရည်အသွေးပြည့်ဝသော ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ အလုံအလောက်ရရှိရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုကဲ့သို့ ကိုဗစ်-၁၉ ပျံ့ပျံ့နှံ့နှံ့ ဖြစ်ပွားနေချိန်၌ ဤဌာနများတွင် ပြုစုစောင့်ရှောက်ခံရသူများနှင့် ပြုစုစောင့်ရှောက်သူများအားလုံး တစ်ဦးချင်းအတွက် လုံခြုံစိတ်ချရရေးသည် အရေးကြီးပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် အသိ၊ သတိဖြင့် တာဝန်ယူ ဆောင်ရွက်နေကြရာ လိုအပ်ချက်များစွာရှိပါကြောင်း၊ ယခုကဲ့သို့ လိုအပ်မှုများပြားချိန်တွင် ပြည်သူများက ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းကို တာဝန်ရှိဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်