နေပြည်တော် ဇွန် ၁၈
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိမိတို့နိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကလေးသူငယ် ဥပဒေကို ၁၉၉၃ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ကာ ပိုမိုပြည်စုံသည့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ လက်ရှိ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပါ အခန်းကဏ္ဍများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် နေရသည့် အခက်အခဲများအပေါ်မူတည်ပြီး ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတို့၏ အကြံပြုချက်များကို အလေးထားပြီး သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်နှင့် လျော်ညီသလို မိမိတို့နိုင်ငံနှင့်လည်း လိုက်လျောညီထွေမည့် ဥပဒေတစ်ရပ်ဖြစ်ရန်လိုပါ ကြောင်း၊ အရေးကြီးသောအချက်များကို ဥပဒေရေးဆွဲစဉ် သတ်မှတ်ထည့်သွင်းပြဋ္ဌာန်းသွားရန် လိုမည်ဖြစ်ပါကြောင်း၊ မည်သည့်နိုင်ငံမဆို ဥပဒေများရေးဆွဲရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွား အတွက်ကိုပါ ထည့်သွင်းရေးဆွဲရမည်ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာများ တွင်သာ သတ်မှတ်ထားခြင်းသည် ပြည်သူများနားလည်ရခက်ခဲမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မူလဥပဒေကို ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်ရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့ အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဥပဒေကို ပြန်လည်သုံးသပ်ပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် အကြံပြုတင်ပြလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၏ သက်ဆိုင်ရာအခန်းများ တွင်ပါဝင်သည့် အကြောင်းအရာများအပေါ် တက်ရောက်လာကြသူများက တင်ပြအကြံပြု ဆွေးနွေးခဲ့ကြသည်။ ညှိနှိုင်းအစည်းအဝေးတွင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)နှင့်ပတ်သက်၍ ပြင်ဆင်ရန်လိုအပ်သည့် ကဏ္ဍအလိုက်အချိန်ယူ ပြင်ဆင်သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


