ရန်ကုန် ၂၈ ဇန်နဝါရီ
လူမှုဝန်ထမ်းဦးစီးဌာန၊ Terre des hommes Lausanne(Tdh-L) အဖွဲ့နှင့် UNICEF တို့ ပူးပေါင်း၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် မိသားစုအခြေပြုအခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ ရပ်ရွာပံ့ပိုးမှုအဖွဲ့ သင်တန်းပေးခြင်းကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
သင်တန်းတွင် Tdh-L အဖွဲ့ စီမံချက်အရာရှိ ဦးပိုင်ဖြိုးကိုက “ရပ်ရွာပံ့ပိုးမှု အဖွဲ့ဝင်များနဲ့ စည်းရုံး လှုံ့ဆော်သူ စေတနာ့ဝန်ထမ်းများကို ကလေးသူငယ်များအတွက် အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီး အသိပညာမြှင့်တင်ပေးခြင်းဖြစ်ပါတယ်။ သင်တန်းက ရရှိတဲ့ သတင်းအချက်အလက်များကို ရပ်ရွာအတွင်း ပြန်လည်ဖြန့်ဝေနိုင်အောင်၊ ကလေးသူငယ်ဆိုင်ရာ အခြားသောနည်းဖြင့် ပြုစုစောင့်ရှောက်မှု နည်းလမ်း များကို ဖော်ဆောင်ပေးရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်အောင်ဖြစ်ပါတယ်၊ ကလေး သူငယ်ဖြစ်ရပ် ပေါ်ပေါက်လာရင် ဖြစ်ရပ်စီမံခန့်ခွဲသူများသို့ ညွှန်းပို့ချိတ်ဆက် ဆောင်ရွက်ပေးနိုင်အောင် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ရပ်ကွက် ကျေးရွာများအတွင်းရှိ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့ကို သင်တန်းပေးသွားမည်ဖြစ်ပြီး၊ ကလေး သူငယ် အခွင့်အရေးများ၊ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ မိသားစု၏ အရေးပါပုံနှင့် မိသားစု စည်းလုံးခိုင်မာရေး၊ ကလေးသူငယ်များအား ရပ်ရွာပတ်ဝန်းကျင်တွင် အခြားနည်းဖြင့် ပြုစု စောင့်ရှောက်ခြင်း၊ လူထုဖွံ့ဖြိုးရေးဖြစ်စဉ်နှင့် ကလေးသူငယ်ဥပဒေနှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်း စသည့် ခေါင်းစဉ် များဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် Tdh-L အဖွဲ့မှ သင်တန်းဆရာ၊ ဆရာမများက သင်ကြားဆွေးနွေး သွားမည် ဖြစ်သည်။
ဒလမြို့နယ်အတွင်း ပြုစုစောင့်ရှောက်ရန်နှင့် အကာအကွယ်ပေးရန်လိုအပ်သည့် ကလေးသူငယ် ၈ ဦးရှိကြောင်း၊ ၂ ဦးအား မိသားစုနှင့် ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့ပြီး၊ ၆ ဦးအား မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ဇန်နဝါရီလအတွင်း၌ ပြုစုစောင့်ရှောက်ပေးရန် လိုအပ်သည့် ကလေးငယ် ၁ ဦးတိုးလာကြောင်း၊ အဆိုပါကလေး၏ ဖြစ်ရပ်အား Tdh-L အဖွဲ့အနေဖြင့် ပံ့ပိုကူညီပေးဆောင်ရွက်ပေးနိုင် ဆန်းစစ်လျက်ရှိကြောင်း သိရှိရသည်။
Tdh-L အဖွဲ့သည် မိသားစုအခြေပြုအခြားစောင့်ရှောက်မှု စီမံချက်လုပ်ငန်းအဖြစ် ရပ်ကွက်/ကျေးရွာ များအတွင်း အသိပညာပေးခြင်း၊ ရပ်ရွာပံ့ပိုးကူညီမှုအဖွဲ့ဝင်များကို စွမ်းဆောင်ရည်မြှင့်သင်တန်းပေးခြင်း၊ ပြုစုစောင့်ရှောက်ရန်နှင့် အကာအကွယ်ပေးရန် လိုအပ်သော ကလေးသူငယ်များအား မိဘအရင်းသဖွယ် စောင့်ရှောက်မည့် မိသားစုများကို ရှာဖွေဖော်ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပြီး ရေရှည်တည်တံ့ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)