ဖေဖော်ဝါရီ ၈


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ကလေးသူငယ်များ ဘေးကင်းလုံခြုံမှုရှိရန် ကလေးသူငယ် နှိပ်စက်ညှင်းပန်း သည့် သံသယရှိသော အမှုများကို တစ်လအတွင်း အရေးပေါ် စစ်ဆေးမှုများပြုလုပ်ရန် မှာကြားထားကြောင်း သိရသည်။


အာဘေး  က ယနေ့ကျင်းပသည့် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးများအစည်းအဝေး တွင် ကလေးဂေဟာတွင် လက်ရှိကျင့်သုံးနေသော ထိန်းကျောင်းမှုများ အားလုံးကို စစ်ဆေးရန် မှာကြားခဲ့ခြင်း ဖြစ်သည်။


တိုကျိုအနီး ရှီဘား စီရင်စု တွင် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦး ဒဏ်ရာများဖြင့်သေဆုံးခဲ့သဖြင့် ၎င်း၏ မိဘများကို သံသယဖြင့် ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင်  ယင်းသို့မှာကြားခဲ့ခြင်းဖြစ်သည်။


ကလေးသူငယ်များကို ကာကွယ်ရမည့် စာသင်ကျောင်းများ ၊ ပညာရေးအဖွဲ့အစည်းများ နှင့် ကလေးဂေဟာများသည်အဆိုပါ မိန်းကလေး၏ ငိုယိုအကူအညီ တောင်းခံမှုကို လျစ်လျူရှုခဲ့သည့်အတွက်  အာဘေးက ပြစ်တင်ပြောဆိုခဲ့သည်။ 


ထိပ်တန်းဦးစားပေးအနေဖြင့် ကလေးသူငယ်များ၏ နေထိုင်မှုဘဝ ကာကွယ်သင့်ကြောင်း နှင့် ကလေးသူငယ် နှိပ်စက်ညှင်းပန်းမှုကို လုံးဝဖယ်ရှားရန် လိုအပ်ကြောင်း အာဘေးကဆိုသည်။


ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို