ကလေးသူငယ် တစ်ဦးချင်းစီ၏ အကျိုးစီးပွားကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် တိုက်တွန်းပြောကြား

 

ရန်ကုန် စက်တင်ဘာ ၂၅  

 

အတန်းပညာသင်ကြားလိုခြင်းမရှိသည့် ကလေးများကို အသက်မွေးဝမ်းကျောင်းပညာ သင်ကြား ပေးကြရန်နှင့် ကလေးသူငယ်တစ်ဦးချင်းစီ၏ အကျိုးစီးပွားကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူငယ်သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို တိုက်တွန်းပြောကြားခဲ့သည်။

 

ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် သန်လျင်လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ရန်ကုန်) နှင့် ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ စားဝတ်နေရေးကို အဓိကထားရုံမျှမက ကလေးသူငယ် အခွင့်အရေး (၄) ရပ်ကိုလည်း ရရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပညာရေးဘက်တွင် ထူးချွန်ထက်မြက်ရန်နှင့် ကလေးများ လမ်းမှားမရောက်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းနှင့် ကလေးသူငယ် လုံခြုံရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ ကလေးများအနေဖြင့်လည်း  ကျောင်းပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ထူးချွန်တတ်မြောက်အောင် သင်ယူကြစေလိုကြောင်း၊ သို့မှသာ ဘဝရပ်တည်မှု အာမခံချက် ရရှိမည်ဖြစ်ကြောင်း ပြောကြား သည်။

 

အဆိုပါ လူငယ်သင်တန်းကျောင်းများသို့ ရောက်ရှိစဉ် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံပြီး  ကျောင်းသားကျောင်းသူများအား ကြည့်ရှုစောင့် ရှောက်ထားရှိမှု၊ ပညာရေးသင်ကြားမှု၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမှု၊ နေ့စဉ် ကျွေးမွေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ  သင်တန်းကျောင်းများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းတွင်  Care Support Clover Com.,Lit နှင့် ပူးပေါင်း၍ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် သူနာပြုအကူ နည်းပညာဝင်ခွင့်သင်တန်း (ဂျပန်) ဖွင့်လှစ်ထားမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်