နေပြည်တော်  ၂၉   ဇူလိုင်


ကလေးသူငယ်အခွင့်အရေး(၄)ရပ်အား ပြည့်မီစွာအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအ ဝေး(၂/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကလေးသူငယ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် (၁၉၉၁)ခုနှစ်မှ စတင်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ် သည်နှင့်အညီ ကလေးသူငယ်အခွင့်အရေးဥပဒေကို ရေးဆွဲပြဌာန်းခဲ့ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရ သက်တမ်းအတွင်းကစတင်ပြီး ကလေးသူငယ်အခွင့်အရေးဥပဒေ အသစ်ကို စတင်ပြန် လည်ရေးဆွဲခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်  ၂၃ ရက်တွင် အတည်ပြုပြဋ္ဌာန်း ခဲ့ပါကြောင်း၊ ဥပဒေအသစ်တွင်ကော်မတီအနေဖြင့် စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်ကဖြစ်စေ၊ လူမှုရေးအဖွဲ့ အစည်းကဖြစ်စေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းက ဖြစ်စေတည်ထောင် ထားသော ပရဟိတဂေဟာများ၊ ယာယီစောင့်ရှောက်ရေးဂေဟာများကို စံသတ်မှတ်ချက် များနှင့် အညီဖြစ်လာရန် ကြီးကြပ်ရမည့်တာဝန်များပါရှိကြောင်း။


ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ရာတွင်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်များသာမကကလေးသူငယ်အနေဖြင့် အကာအကွယ်များစောင့်ရှောက်မှုများ ရရှိရန်လိုအပ်ပါကြောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့်ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများအတွက် ပြည်ထောင်စုနယ်မြေအပါဝင် တိုင်းဒေသကြီး/ပြည်နယ် များ အလိုက်ကော်မတီများကိုလုပ်ပိုင်ခွင့်များအား ဥပဒေအရအပ်နှင်းထားပါကြောင်း၊ ကလေးသူငယ်များအတွက် ထိရောက်သောကာကွယ်စောင့်ရှောက်မှုများ ဖြစ်စေရေး အတွက် ဥပဒေပြဌာန်းသလို၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။


ပြဋ္ဌာန်းလိုက်သည့် ဥပဒေအသစ်နှင့်ပတ်သက်၍ ပြည်သူများအကြား အထင်အမြင် လွဲမှားမှုများ၊ စိုးရိမ်ပူပန်မှုများရှိနေသည်ကို တွေ့ရပါကြောင်း၊ အဆိုပါအထင်အမြင်လွဲမှားမှု များသည်ဥပဒေကို သေသေချာချာလေ့လာပါက ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ များလေ့လာရန် နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ ဥပဒေသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါက လေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ပြီး ဥပဒေအသစ်ပြဌာန်းမှုနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်မှုများဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ဥပဒေအသစ်ကိုပြည်သူများသိရှိစေရန် လိုအပ်သောပညာပေးရှင်းလင်း မှုများ ကိုမိမိဒေသအလိုက်ကော်မတီဝင်များကဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းနှင့် ကလေးသူငယ်များအနေဖြင့် ဥပဒေပါ အခွင့်အရေးနှင့်အတူတာဝန်ရှိမှုများကို မိဘ၊ ဆရာ၊ ရပ်ရွာအဖွဲ့အစည်းတွေများကို အသိပညာပေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေနှင့်ပတ်သက်၍ အခန်းအလိုက်ရှင်းလင်းတင်ပြခြင်းနှင့် လူမှုဝန်ထမ်းဦးစီး ဌာနညွှန်ကြားရေးမှုးချုပ်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လိုအပ်သည့် နယ်ပယ်များနှင့်နည်းဥပဒေကိုလည်း ဆက် လက်ရေးဆွဲသွားမည်ဖြစ်ပါကြောင်းတင်ပြသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာအမျိုးသားကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှလူမှုရေးဝန်ကြီး များနှင့် ကော်မတီအတွင်းရေးမှုးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက အကျဉ်းထောင် အတွင်းရောက်ရှိနေသော ကလေးများအခွင့်အရေးသေချာစေရေးကိစ္စ၊ မြင့်တက်လာသော သက်ငယ်မုဒိန်းမှုဖြစ်ရပ်များနှင့် ပတ်သက်၍ အသိပညာပေးမှုများနှင့်ကြိုတင်ကာကွယ်မှု များ တိုးချဲ့ဆောင်ရွက်ရေးကိစ္စ၊ အသစ်ပြင်ဆင်လိုက်သည့် ဥပဒေနှင့်ပတ်သက်၍ ပြည်သူ သို့အသိပညာပေးရှင်းလင်းရမည့်ကိစ္စ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များအဆင့် အထိ ဥပဒေကိုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အစီအစဉ်များဆောင်ရွက်သွားရန် ကိစ္စများအပါအဝင် လုပ်ငန်းဆောင်ရွက်ချက်များအား သက်ဆိုင်ရာ နယ်ပယ်အလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)