နေပြည်တော် ၁၇ ဇန်နဝါရီ
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့အနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အစိုးရက ဆောင်ရွက်လျက်ရှိသည့်ကိစ္စများသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးကို ဦးတည်ပါကြောင်း၊ လက်ရှိဆောင်ရွက်မှုများသည် အနာဂတ်နိုင်ငံတော်အတွက် အမွေကောင်းများ လက်ဆင့်ကမ်းနိုင်ဖို့ဖြစ်ပါကြောင်း၊ လက်ဆင့်ကမ်း အမွေယူကြမည့်သူများသည် ကလေးငယ်များပင်ဖြစ်ပါကြောင်း။
ထို့ကြောင့် အကောင်းဆုံးဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်းဆုံး အကျိုးစီးပွားများကို ခံစား ရရှိစေရန် ကြိုးပမ်းကြခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လိုအပ်ချက်များပြားသည့်အတွက် အနာဂတ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရှေ့ဆက်ဆောင်ရွက်ရာ၌ လုပ်ငန်းများ သွက်လက်မှန်ကန်ဖို့၊ ထက်ထက်မြက်မြက်ရှိဖို့နှင့် စွမ်းဆောင်ရည်မြင့်မားပြီး အောင်မြင်ရန် အတွက် ကလေးငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် လက်ဆင့်ကမ်း အမွေယူကြမည့် ကလေးသူငယ်များအတွက် အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်အောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ်များနှင့်သော်လည်ကောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှင့် သော်လည်ကောင်း ကိုက်ညီမှုရှိအောင် ရေးဆွဲခဲ့ကြပါကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ပေးရန် နည်းလမ်းများရှိရမည်ဖြစ်ကြောင်း၊ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပါက ကလေးသူငယ်များအားလုံးသာ တူညီမျှ ခံစားရရှိမည်ဖြစ်ကြောင်း၊ တူညီသည့် ဥပဒေအကျိုးကို မတူညီသည့်နေရာဒေသ များတွင်ရှိသည့် ကလေးသူငယ်များအားလုံး ပြည့်ပြည့်ဝဝ တန်းတူခံစားရရှိအောင် နည်းဥပဒေတွင် ပြည့်ပြည့်စုံစုံထည့်သွင်းပေးရန် မှာကြားလိုပါကြောင်း၊ ဥပဒေအသစ်တွင် ကလေးသူငယ်များ၏ အသက်ကို (၁၈)နှစ်အောက်ဟု သတ်မှတ်ထားသောကြောင့် နည်းဥပဒေဖော်ဆောင်ရာတွင် ကလေးသူငယ်များအား စောင့်ရှောက်ခြင်း၊ အပြစ်ပေးအရေးယူခြင်းများနှင့် ပတ်သက်၍ အထူးလေးထား ဂရုစိုက်ရမည့်ကိစ္စများ ရှိလာမည်ဖြစ်ကြောင်း၊ ကလေးသူငယ် မွေးစားခြင်းကဏ္ဍနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မသွေဖီဘဲဆောင်ရွက်ကြရမှာဖြစ်ကြောင်း။
နည်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ရှင်းလင်းပြတ်သားစွာ ပါရှိရန်လည်းလိုပါကြောင်း၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင်လည်း ထုတ်ပြန်ရမည့် အမိန့်ညွှန်ကြားချက်များသည် ဥပဒေနှင့်ကိုက်ညီမှုရှိရမည်ဖြစ်ပါကြောင်း၊ နည်းဥပဒေကိုရေးဆွဲရာတွင် အတွေ့အကြုံများပြားသူများ လုပ်ငန်းအဖွဲ့ထဲတွင်ပါဝင်သည့်အတွက်ကြောင့် အတွေ့အကြုံများကို အချင်းချင်းဖလှယ်ပြီး ပြဿနာရှိနိုင်သည့် ကဏ္ဍများတွင် အကောင်းဆုံးအဖြေရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ကလေးသူငယ်များသည် မိဘ၊ မိသားစုဝင်များနှင့် ဆက်စပ် ရပ်တည်ရသောကြောင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေကို ဖော်ဆောင်ရာတွင် ကလေးသူငယ်များနှင့် ဆက်စပ်သောသူများအတွက်ပါ စဉ်းစားထည့်သွင်းပေးဖို့ တိုက်တွန်းလိုပါကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာနည်းဥပဒေပေါ်ပေါက်လာရေး ဝိုင်းဝန်းကြိုးပမ်းပေးကြမည့် ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဥပဒေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (The International Development Law Organization- IDLO) ၏ တာဝန်ရှိသူတစ်ဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေဖော်ဆောင်ရေးအတွက် လေ့လာဆန်းစစ်ချက်များ၊ တွေ့ရှိချက်များကို ရှင်းလင်းဆွေးနွေးသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ တာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ ဖော်ဆောင်ရေးအတွက် ကဏ္ဍများအလိုက်သတ်မှတ်ဆွေးနွေးခြင်း၊ လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခြင်းနှင့် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်