နေပြည်တော် ဒီဇင်ဘာ ၁၇
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့ နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် အဖွဲ့ဝင်ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဥက္ကဋ္ဌများ၊ အရပ်ဖက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ကလေးသူငယ်ကော်မတီအတွင်းရေးမှူးများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ မသန်စွမ်းကလေးသူငယ်များ၊ အမှုရင်ဆိုင်ဆဲ ရီမန်ကလေးသူငယ်များနှင့် တရားရုံးအသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များအတွက် လူငယ်သင်တန်းကျောင်း စုစုပေါင်း (၁၄) ကျောင်းကို ဖွင့်လှစ်ထားရှိပြီး ကလေးသူငယ် ၂၆၅၀ ကို အတန်းပညာ၊ ကျောင်းပြင်ပပညာရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ ကောင်းမွန်သော အလေ့အကျင့်ကောင်းများနှင့် Life Skill တို့ကို သင်ကြားပေးပြီး ရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း။
ကလေးသူငယ်များ၏ ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရန်အတွက်လည်း လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Case Management Information System- CMIS) အား အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ကလေးသူငယ်များ၊ ဥပဒေနှင့် ငြိစွန်းသည့် ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းခံရသူ ကလေးသူငယ်များ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များ၊ ဥပဒေနှင့် ငြိစွန်းသည့် ဖြစ်ရပ် (၆၉၉၀) ခု၊ ဥပဒေနှင့် မငြိစွန်းသည့်ဖြစ်ရပ် (၉၇၄) ခု စုစုပေါင်း (၇၉၆၄) ကို စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၃) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်း၊ လူမှုရေးရာဖြစ်ရပ်စီမံ ခန့်ခွဲမှုစနစ်ဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးမူဝါဒ (မူကြမ်း) များနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသော အမျိုးသားကော်မတီဝင်များမှ အထွေထွေ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါကြောင်း သိရသည်။
သတင်းစဉ်


