ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်

၁၂  စက်တင်ဘာ

ကလေးသူငယ်များသည် အပြစ်ကင်းစင်သော လူမမည်အရွယ်များဖြစ်သည်။ မွေးဖွားစဉ်ကတည်းက စိုးရိမ်ထိတ်လန့်ကြောက်ရွံ့တတ်ကြသည်။ မိခင်ရင်ခွင်အတွင်း နွေးထွေးစွာနေထိုင်တတ်ကြပြီး မိဘအုပ်ထိန်းသူတို့၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာကြသည်။ ကလေးသူငယ်များသည် မိဘ အုပ်ထိန်းသူများ၏ ရပ်တည်နေထိုင်ရာ လူမှုပတ်ဝန်းကျင် လုံခြုံစိတ်ချမှု၊ ပတ်ဝန်းကျင်၏လူမှုစီးပွားဘဝနှင့် အသိဉာဏ်ပညာမြင့်မားမှုတို့အပေါ် မူတည်၍ ကလေးသူငယ်များ၏ဘဝများကို အဆုံးအဖြတ်ပေးနိုင်ပေသည်။

ကလေးသူငယ်တို့၏ ရှင်သန်မှုဘဝများ အနိမ့်အမြင့်အမျိုးမျိုးရှိသည် ဆိုရာ၌ မငြိမ်းချမ်းသောဒေသများရှိ ကလေးသူငယ်များ၏ ရှင်သန်မှုဘဝများမှာ အခြားအခြေအနေအမျိုးမျိုးနှင့်မတူ စိုးရိမ်ဖွယ်ရာ၊ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရသည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း၌ ကလေးသူငယ် များအပေါ် သေကျေထိခိုက်ဒဏ်ရာရရှိစေမှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများ ရှိတတ်သည်ဖြစ်ရာ ယင်းတို့ကိုကာကွယ် တားဆီးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက စီမံချက်ဖြင့် အကောင်အထည် ဖော်နေသည်။

မြန်မာနိုင်ငံတွင် အချို့ဒေသများ၌ လက်နက်ကိုင်ပဋိပက္ခများရှိနေဆဲ ဖြစ်၍ ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများ မဖြစ်စေရန် တားဆီးကာကွယ်ပေးရန် လိုအပ်သည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီကို ဖွဲ့စည်းပြီး ကာကွယ်စောင့်ရှောက်နိုင်အောင် ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးများ ကျင်းပ၍ အကောင်အထည်ဖော်လျက်ရှိရာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)တွင် လူမှုရေးကဏ္ဍအခြေခံမူ သဘောတူညီချက် (၇)ချက် ကို ချမှတ်ထားသည်။

ထိုသဘောတူညီချက် (၇) ချက်တွင် ကလေးသူငယ်အခွင့်အရေးရရှိရန်နှင့် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေး နှင့် ကလေးသူငယ်များအတွက် ကြီးလေးသောချိုးဖောက်မှု (၆) ချက် ပပျောက်ရေးကိုဦးတည်၍ စီမံချက်များ ချမှတ်ဆောင်ရွက်ရန်အချက်များ ပါဝင်သည်။ ထိုအချက်များကိုလိုက်နာဆောင်ရွက်နိုင်အောင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသောကျူးလွန်မှုများမှ တားဆီးကာကွယ်ရေးကော်မတီက အလေးထားဆောင်ရွက်နေသည်။

၁၉၉၃ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ကလေးသူငယ်ဥပဒေကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအဖြစ် အသစ်ပြန်လည် ပြင်ဆင်ရေးဆွဲခဲ့သည်။ ထိုဥပဒေကိုအတည်ပြုနိုင်ရေး လွှတ်တော်တွင် ဆောင်ရွက်ခဲ့ပြီး ဥပဒေသစ်အခန်း(၁၇)တွင် ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု (၆)ရပ်အား ကျူးလွန်ပါက အရေးယူဆောင်ရွက်ရမည့် ပြစ်မှု၊ ပြစ်ဒဏ်များ ကို ထည့်သွင်းဖော်ပြထားသည်။ ကလေးဆိုသည်မှာ အသက် ၁၈ နှစ် အောက်ရှိသူများဖြစ်ပြီး မွေးဖွားပြီးသည်မှ အရွယ်ရောက်သည်အထိကလေး အဖြစ်သတ်မှတ်နိုင်ရာ ကလေးများအားလုံးကို ကာကွယ်စောင့်ရှောက်ပေး ရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတစ်ဦးချင်း၏ အခွင့်အရေးများကို အာမခံနိုင်သော စစ်မှန်သည့် ဒီမိုကရေစီအစိုးရဖြစ်ထွန်းလာရန် ကြိုးပမ်းလျက်ရှိသည်။ ကလေးသူငယ်ဘဝမှစ၍ သက်ကြီးရွယ်အိုဘဝအထိ တိုင်အောင် လူမှုကာကွယ်စောင့်ရှောက်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်လာရာ အစိုးရ ငါးနှစ်တာ သက်တမ်းကာလအတွင်း လူတစ်ဦးချင်းစီ၏ အခွင့်အရေးများရရှိနိုင်အောင် ဖော်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခများရှိနေသေးရာကာကွယ်စောင့်ရှောက်ရန်လိုအပ်နေသည့်ကလေး သူငယ်အရေအတွက် မြင့်မားနေသည်။ ယခုအခါ ပဋိပက္ခဒေသများတွင် သာမကမြို့ရွာများတွင်ပါ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

ကလေးသူငယ်များတွင် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်ဟူသော အခွင့်အရေးလေးမျိုးကို ရရှိနိုင်အောင်ဆောင်ရွက်ပေးရမည် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အစောင့်အရှောက်ခံပိုင်ခွင့်များကို အာမခံနိုင်သော မူဝါဒသစ်များ၊ ဥပဒေသစ် များလည်းချမှတ်ထားပြီး လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ အရပ်ဘက် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်းလက်တွဲဆောင်ရွက်နိုင်မှ အောင်မြင်မည် ဖြစ်သည်။

သို့ဖြစ်ရာ ရပ်ရွာမငြိမ်းချမ်းမှု၊ လူမှုစီးပွားမဖွံ့ဖြိုးမှု၊ လက်နက်ကိုင်ပဋိပက္ခများ ရှိနေမှုတို့ကြောင့် ကလေးသူငယ်များ၏ ဘဝများအာမခံချက် လျော့နည်းနေရမှုများကို ကျော်လွှားနိုင်ရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်ကြပြီး ကလေးငယ်များ၏ အနာဂတ်၊ ကလေးငယ်များ၏ဘဝများ လှပအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ