ဒေါက်တာဇင်ဇေယျာဝင်း

ဖန်သားမျက်နှာပြင်ကြည့်ရှုချိန် (Screen Time)

Screen Time ဆိုသည်မှာ စမတ်ဖုန်း၊ တီဗွီ၊ ကွန်ပျူတာ၊ Tablet နှင့် Video Game စက်များကဲ့သို့ ဖန်သားမျက်နှာပြင်ပါဝင်သော ဒစ်ဂျစ်တယ်ကိရိယာများကို ကြည့်ရှုခြင်း သို့မဟုတ် အသုံးပြုခြင်းတွင် ကုန်ဆုံးသည့် အချိန်ပမာဏကို ဆိုလိုသည်။

ထိုအချိန်အတွင်း တီဗွီကြည့်ခြင်း၊ ဗီဒီယိုကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက်အသုံးပြုခြင်းနှင့် ဆိုရှယ်မီဒီယာအသုံးပြုခြင်း စသည့် လှုပ်ရှားမှုများပါဝင်နိုင်သည်။ ထို့အပြင် ပညာရေးဆိုင်ရာ Application များနှင့် အွန်လိုင်းသင်ခန်းစာများကို ​​လေ့လာခြင်းလည်း ပါဝင်နိုင်သည်။ ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာခြင်းကြောင့် ကလေးများသည် စမတ်ဖုန်းများ၊ တီဗွီများနှင့် ကွန်ပျူတာများနှင့်အတူ ကြီးပြင်းလာကြသည်။

အိမ်များတွင် ဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးပြုမှုပိုမိုများပြားလာပြီး ကျောင်းပညာရေးစနစ်များတွင်လည်း နည်းပညာကို တဖြည်းဖြည်းအသုံးပြုလာသည်။ ထို့ကြောင့် Screen Time သည် ကလေးများ၏ နေ့စဉ်ဘဝတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် Screen Time များလာသည်နှင့်အမျှ ကလေးများ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ်သက်ရောက်မှုများကိုလည်း ပိုမိုစိုးရိမ်လာကြသည်။ ထို့ကြောင့် ကလေးများ၏ Screen Time ကို ထိန်းသိမ်းစီမံနိုင်ရေးသည် မိဘများနှင့် အုပ်ထိန်းသူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။

မှန်ကန်မျှတသော Screen Time ၏ အကျိုးကျေးဇူးများ

Screen မီဒီယာများတွင် ပညာရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ အကျိုးကျေးဇူးများရှိပါသည်။ ဥပမာအားဖြင့် ကျောင်းများ တွင် Blog များကို ပညာရေးကိရိယာအဖြစ် အသုံးပြုကာ ကလေး များ၏ စာရေးသားစွမ်းရည်များ တိုးတက်စေရန် ကူညီပေးနိုင်သည်။ အင်တာနက်သည် ကူးစက်ရောဂါများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်များအပါအဝင် ကျန်းမာရေးပညာများကိုလည်း ပံ့ပိုးပေးနိုင်သည်။

အသက်နှစ်နှစ်အထက် ကလေးများအတွက် ပညာရေးရည်ရွယ်ချက်ဖြင့် ဒီဇိုင်းထုတ်ထားသော အရည်အသွေးမြင့် ရုပ်မြင်သံကြား အစီအစဉ်များသည် ဘာသာစကားနှင့် စာဖတ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်။ ထိုအစီအစဉ်များက ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးနိုင်ပြီး လူမှုရေးအပြုအမူများကိုလည်း ကောင်းမွန်စေနိုင်သည်။ ထို့အပြင် စိတ်ကူးယဉ်ကစားခြင်းနှင့် ဖန်တီးမှုစွမ်းရည်များကိုလည်း မြှင့်တင်ပေးနိုင်သည်။ e-books နှင့် စာဖတ်လေ့ကျင့်ရေး Application များသည် ကလေးများ၏ စာဖတ်စွမ်းရည်များကို တိုးတက်စေနိုင်သည်။ ထို့ကြောင့် Screen Media ကို ပညာရေးရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းသည် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိနိုင်ပါသည်။

ကလေးသူငယ်များ၏ ကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်အကျိုးသက်ရောက်မှုများ

Screen Media များသည် ပညာရေးနှင့် သင်ယူမှုအတွက် အခွင့်အလမ်းများပံ့ပိုးပေးနိုင်သည်။ သို့သော် Screen Time ကို အလွန်အကျွံ အသုံးပြုပါက ဉာဏ်ရည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအချို့ကို ထိခိုက် စေနိုင်သည်။ ထို့အပြင် Screen Media အသုံးပြုမှုများလာခြင်းကြောင့် ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်များကိုလည်း လျော့နည်းစေနိုင်သည်။ ထို့အပြင် Screen Time များလာခြင်းကြောင့် သင်္ချာနှင့် အခြားဘာသာရပ်များတွင် စွမ်းဆောင်ရည်လျော့နည်းနိုင်သည်။

Screen Time များလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှုများ လျော့နည်းလာပြီး အဝလွန်ခြင်းနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ် စေနိုင်သည်။ စမတ်ဖုန်းကို အသက် ၁၂ နှစ်မတိုင်မီ စတင်အသုံးပြု သော ကလေးများတွင် အိပ်စက်ချိန် မလုံလောက်ခြင်း ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းခန့်၊ အဝလွန်ခြင်းဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းခန့်၊ စိတ်ကျရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့် တိုးလာနိုင်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် မျက်လုံးပင်ပန်းနွမ်းနယ်မှုနှင့် လည်ပင်းနာကျင်မှု ကဲ့သို့သော ကိုယ်ခန္ဓာဆိုင်ရာပြဿနာများလည်း ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် Screen Media အသုံးပြုမှုကို စနစ်တကျထိန်းသိမ်းရန် လိုအပ်ပါသည်။

ကလေးသူငယ်များ၏ ဘာသာစကား၊ လူမှုရေးနှင့် စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုများ

ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုသည် ကလေးဘဝအစောပိုင်းကာလတွင် အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ကလေးများသည် ​ဝေါဟာရကြွယ်ဝမှုနှင့် အသံထွက်မှန်ကန်မှုကဲ့သို့ သော ဘာသာစကားကျွမ်းကျင်မှုများ တဖြည်းဖြည်းဖွံ့ဖြိုးလာကြသည်။ ထိုကျွမ်းကျင်မှုများကို အများအားဖြင့် မိဘများ၊ အရွယ်ရောက် သူများနှင့် ဆက်ဆံပြောဆိုခြင်းမှတစ်ဆင့် သင်ယူရရှိကြသည်။ သို့သော် Screen Time များလာခြင်းကြောင့် မိဘနှင့်ကလေးအကြား ဆက်ဆံပြောဆိုမှု လျော့နည်းလာနိုင်သည်။

ထိုအခြေအနေသည် ကလေးများ၏ ဘာသာစကားလေ့လာမှု အခွင့်အလမ်းများကို ထိခိုက်နိုင်ပါသည်။ ထို့အပြင် Screen Time များလွန်းပါက စကားလုံးဖွံ့ဖြိုးတိုးတက်မှုနည်းပါးနိုင်သည်။ လူမှုရေးနှင့် စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်မှုအပေါ်လည်း သက်ရောက်မှုများ ရှိနိုင်ပါသည်။ Screen Time များလာခြင်းသည် အိပ်စက်မှုပြဿနာများ၊ စိုးရိမ်ပူပန်မှုများနှင့် စိတ်ဓာတ်ကျခြင်းတို့နှင့် ဆက်စပ်နိုင်ပါသည်။ အကြမ်းဖက်မှုပါဝင်သော မီဒီယာများကို ကြည့်ရှုခြင်းသည် ကြမ်းတမ်းခက်ထန်သောအပြုအမူများကို တိုးပွားစေနိုင်သည်။ လူမှု ဆက်ဆံရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် Screen Time ကို သင့်တော်စွာစီမံခြင်းသည် ကလေးများ၏ လူမှုရေးနှင့် စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါသည်။

မိဘများအတွက် ကလေးသူငယ်များ၏ Screen Time ကို စီမံခန့်ခွဲရန် အကြံပြုချက်များ

ကလေးများ၏ Screen Time ကို စီမံခန့်ခွဲရာတွင် မိဘများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။ မိဘများက Screen အသုံးပြုမှုအပေါ် အိမ်တွင်းစည်းမျဉ်းများ သတ်မှတ်ပေးနိုင်သည်။ Screen Time ကို ဆုအဖြစ် အသုံးပြုခြင်းထက် ကလေးများ၏ ကျန်းမာရေးကို အဓိကထား စီမံခန့်ခွဲသင့်ပါသည်။ Parental Control စနစ်များနှင့် Password ကာကွယ်မှုများ အသုံးပြုရန် လိုအပ်ပါသည်။ Google Family Link ကဲ့သို့သော မိဘထိန်းချုပ်မှု ကိရိယာများကို အသုံးပြုခြင်းဖြင့် Screen Time ကို စောင့်ကြည့်နိုင်သည်။

ကလေးအိပ်ခန်းအတွင်း တီဗွီနှင့် ဖုန်းများ မထားရှိခြင်းသည် Screen Time လျော့နည်းစေကြောင်း သုတေသနများက ဖော်ပြထား သည်။ အစားအစာစားချိန်နှင့် အိပ်ရာဝင်မည့်အချိန်မတိုင်မီ တစ်နာရီ ခန့်တွင် ဖုန်းအသုံးမပြုရန် စည်းမျဉ်းသတ်မှတ်နိုင်သည်။ သုတေသနများအရ အသက်အလိုက် Screen Time ကို ကန့်သတ်သင့်ပြီး အသက် ၃–၇ နှစ်တွင် နာရီဝက်မှ တစ်နာရီ၊ အသက် ၇–၁၂ နှစ်တွင် တစ်နာရီ၊ အသက် ၁၂–၁၅ နှစ်တွင် တစ်နာရီခွဲနှင့် အသက် ၁၆ နှစ်အထက် လူငယ် များအတွက် နှစ်နာရီခန့်က သင့်တော်သည်ဟု အကြံပြုထားပါသည်။

မိဘများကိုယ်တိုင် Screen အသုံးပြုမှုတွင် နမူနာကောင်း ပြသခြင်းသည် ကလေးများ၏ Screen Time ပေါ် များစွာသက်ရောက် မှုရှိသည်။ TV ကြည့်ခြင်းကို အားပေးသည့် အိမ်ပတ်ဝန်းကျင် (ဥပမာ− ထမင်းစားချိန်တွင် TV ကြည့်ခြင်း)တွင် နေထိုင်သောကလေးများသည် Screen Time ပိုများလေ့ရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ကလေးများနှင့်အတူ ကစားခြင်း၊ စာဖတ်ခြင်း၊ ကိုယ်လက်လှုပ်ရှား မှုများပြုလုပ်ခြင်းက Screen Time ကို လျော့နည်းစေနိုင်မည်ဖြစ်သည်။

နည်းပညာတတ်မြောက်မှုကို အားပေးခြင်း

ကလေးများတွင် နည်းပညာတတ်မြောက်မှု (Digital Literacy) ကို တိုးတက်လာစေရန် မိဘဆရာသမားများက အားပေးသင်ကြား ပေးရန် အရေးကြီးသည်။ ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများသည် မိဘများနှင့် အရေးပေါ်အချိန်တွင် ဆက်သွယ်နိုင်ခြင်း၊ သူငယ်ချင်းများ နှင့် ဆက်ဆံရေးထိန်းသိမ်းနိုင်ခြင်း၊ ပညာရေးဆိုင်ရာအချက်အလက်များကို လေ့လာနိုင်ခြင်းနှင့် ဖျော်ဖြေရေးများ ရရှိနိုင်ခြင်းတို့ကြောင့် ကလေးများအတွက် အသုံးဝင်သော ကိရိယာတစ်ခုဖြစ်လာသည်။

သို့သော် တစ်ချိန်ချိန်တွင် ကလေးများသည် မိဘဆရာသမားများ မလိုလားသည့် အွန်လိုင်းအကြောင်းအရာများနှင့် ကြုံတွေ့နိုင်သည်။ ထို့ကြောင့် ထိုအခြေအနေများကို ကြိုတင်ရှင်းပြပြီး မည်သို့ပြုမူသင့်ကြောင်း အသိပညာပေးထားသင့်ပါသည်။ ကလေးများအား အွန်လိုင်းပေါ်တွင် မြင်တွေ့ရသောအကြောင်းအရာများကို မှန် / မမှန် စဉ်းစားသုံးသပ်နိုင်အောင် လေ့ကျင့်ပေးရမည်။ ထို့အပြင် အင်တာနက်ပေါ်တွင် ကြော်ငြာများနှင့် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များလည်း ပါဝင်နိုင်ကြောင်းရှင်းပြရမည်။ မသမာသူများက နည်းပညာများကို အသုံးပြုပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူနိုင်ကြောင်းလည်း သိရှိစေရန် လိုအပ်ပါသည်။ သို့မှသာ ကလေးများသည် အင်တာနက်ကို အသုံးပြုရာတွင် သတိထားပြီးအသုံးပြု တတ်လာမည်ဖြစ်ပေသည်။

အွန်လိုင်းပေါ်မှ လူမှုဆက်ဆံရေး

ယနေ့ခေတ်တွင် လူမှုမီဒီယာနှင့် အွန်လိုင်းဆက်ဆံရေးများသည် ဆယ်ကျော်သက်ဘဝ၏ အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ ပညာရှင်များက ကလေးများအား အနည်းဆုံး အသက် ၁၃နှစ် ခန့်အထိ ဖုန်းအသုံးမပြုရန် အကြံပြုကြသည်။ ဆယ်ကျော်သက်များ အနေဖြင့် အင်တာနက်ပေါ်တွင် မသင့်လျော်သောစာများနှင့် ပုံများ မျှဝေခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ အင်တာနက်ပေါ်တွင် သတိမထားဘဲ ပြုလုပ်မိသည့်အရာများကို လူအများက မိမိတို့၏ ဘဝတစ်လျှောက်လုံး မြင်တွေ့သွားနိုင်ကြောင်း သတိပေးရမည်။ ကလေးများအနေဖြင့် မီဒီယာကိုအသုံးပြုရာတွင် အ​လေးမထား၊ ဂရုမစိုက်ပါက မိမိနှင့် အခြားသူများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်သည့်အပြင် ဥပဒေချိုးဖောက်မှုများအထိ ဖြစ်နိုင်သည်။

ထို့ကြောင့် မိဘဆရာသမားများသည် ကလေးများနှင့် ရင်းနှီးချစ်ခင်စွာဆက်ဆံပြီး ဖန်သားမျက်နှာပြင်အသုံးပြုမှုမှ အကျိုးရှိသောအသိအမြင်များရရှိနိုင်အောင် ကူညီရမည်။ ထို့အပြင် မိမိ၏ Screen Time ကိုလည်း ကလေးက ကြည့်ရှုနေကြောင်း သတိထားကာ မည်သို့ အသုံးပြုသင့်သည်ကို စံနမူနာကောင်းပြသသင့်ပါသည်။ ကလေးများ၏ Screen Time နှင့် ဒစ်ဂျစ်တယ်မီဒီယာအသုံးပြုမှုကို ထိန်းသိမ်းခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်နေသော်လည်း အိမ်တွင်းစည်းမျဉ်းများ သတ်မှတ်ခြင်းနှင့် ကလေးကြီးပြင်းလာသည်နှင့်အမျှ ထိုစည်းမျဉ်းများကို ပြန်လည် သုံးသပ်ပြင်ဆင်ခြင်းဖြင့် လုံခြုံပြီးအကျိုးရှိသော Screen Timeအသုံးပြု မှုဖြစ်အောင် စီမံနိုင်မည်ဖြစ်​ကြောင်း တင်ပြအပ်ပါသည်။ ။