ကလေးသူငယ်နှင့် လူငယ်များဖြင့် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေး လျော့ပါးရေးဆိုင်ရာ နှီးနှောဖလှယ်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မန္တလေး  ၂၃   နိုဝင်ဘာ

 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ PLAN International World Vision နှင့် Unicef အဖွဲ့တို့ပူးပေါင်း၍ ကလေးသူငယ်နှင့် လူငယ်များဖြင့် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ နှီးနှောဖလှယ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၂×၃၃ လမ်းကြား၊ ၆၇x၆၈လမ်းကြားရှိ Sukura Princess ရှိ ချယ်ရီခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းသူ က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဆက်စပ်ဌာနဆိုင်ရာများ၊ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကလေးလူငယ်ရေးရာ အဖွဲ့အစည်းများမှ အဖွဲ့ဝင်လူငယ်များ၊ မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး အလွတ်တန်းကျွမ်းကျင်ပညာရှင် ဦးဇင်မင်းသန်း၊ World Vision အဖွဲ့မှ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာညှိနှိုင်းမှူး ဒေါ်ယဉ်မာနေဝင်း၊ PLAN International အဖွဲ့မှ လက်ထောက်စီမံကိန်းမန်နေဂျာ ဦးထက်ဝေဇင်၊ မြို့ပြဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဒေါ်ခင်ဖြူဖြူသန္တာ၊ Mercy Corps အဖွဲ့မှ အကြီးတန်းစီမံကိန်းမန်နေဂျာ ဒေါ်ဖြိုးဖြိုးဝေတို့နှင့် တာဝန်ရှိသူများက ရာသီဥတုပြောင်းလဲခြင်းနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးအကြောင်း၊ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ၊ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချခြင်း၏ အရေးပါပုံများ၊ ရာသီဥတုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်များ၊ ကလေးသူငယ်နှင့် လူငယ်များမှ ပံ့ပိုးပေးနိုင်မည့်အရာများ၊ ကလေးသူငယ်များနှင့် လူငယ်များ၏ ရာသီဥတုပြောင်းလဲခြင်းသက်ရောက်မှုများကို အရှိန်လျော့လာ စေရန်နှင့် ရာသီဥတုဆိုင်ရာ သဘောတူချက်ကို ပိုမိုပံ့ပိုးပေးနိုင်ရန်၎င်းတို့၏ မျက်မြင်တွေ့ကြုံမှုများ အပေါ် အခြေခံကာ ကလေးသူငယ်နှင့် လူငယ်တစ်ဦးစီမှ မူဝါဒချမှတ်သူများအတွက် အကြံပြု ထောက်ခံချက်များကို ဆွေးနွေးသည်။ယင်းနောက် ဆွေးနွေးပွဲမှရရှိလာသည့် အကြံပြုချက်များအား စုစည်းတင်ပြခြင်းများကို ဆောင်ရွက်သည်။

 

"ရာသီဥတုပြောင်းလဲခြင်းနဲ့ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ လုပ်ငန်းများ၊ မူဝါဒများချမှတ်ခြင်းများ ဆောင်ရွက်ရာမှာ အသက်()နှစ်ကနေ  (၂၄)နှစ်အတွင်းမှာရှိတဲ့ ကလေးတွေနဲ့ လူငယ်တွေရဲ့ အသံတွေကို ပါဝင်စေချင်ပါတယ်။ သူတို့တွေရဲ့ ခံစားရမှုတွေ၊ အခက်အခဲတွေကို သိရှိပြီး ထွက်ပေါ်လာတဲ့အချက်အလက်တွေကို အနာဂတ်မှာ ပြောင်းလဲဖို့၊ နောင်လာမယ့် မျိုးဆက်များရဲ့ စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်တွေကို သိရှိပြီး ဘယ်လိုဆောင်ရွက်သွားမယ်၊ လုပ်ငန်းစဉ်တွေ ဘယ်လိုချမှတ်မယ်ဆိုတာတွေကို တာဝန်ရှိသူတွေ၊ မူဝါဒ ချမှတ်သူတွေ သိရှိနိုင်စေဖို့ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ ပတ်ဝန်းကျင်နဲ့ စာသင်ကျောင်းတွေမှာ ဘယ်လို ပြန်လည်အသုံးချ မလဲဆိုတာတွေကိုပါ ဖော်ထုတ်ဆွေးနွေးသွားမှာပါ။ နောက်ပြီး ဆွေးနွေးရရှိချက်တွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ သြစကြေးလျားနိုင်ငံမှာ ကျင်းပမယ့် 9th Asia Pacilic Ministral Conference on Disaster Risk Reduction (APMCDRR) (Disaster Risk Reduction and Climate Crisis)မှာတင်ပြသွားမှာ ဖြစ်ပါတယ်"ဟု World Vision အဖွဲ့မှ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါ်ယဉ်မာနေဝင်းက ပြောကြားသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)