၁၅ စက်တင်ဘာ


ကီရိုဘိုလေး စိတ်အလှုပ်ရှားဆုံးက လူတွေနဲ့ စကားပြောဖို့ လေ့ကျင့်ရချိန်ပါ


၂၀၁၃  ခုနှစ်  ဩဂုတ်  ၄  ရက်  နံနက်  ၄  နာရီကတည်းက  ဂျပန်မြေပေါ်မှာလူတွေ စုစုဝေးဝေးရှိနေကြပါတယ်။        သူတို့လက်ထဲမှာတော့  ကီရိုဘိုကိုချစ်တယ်ဆိုတဲ့ စာတန်းလေးတွေကို ကိုင်ထားကြတယ်။ ဝေလီဝေလင်းအချိန် မီးတောက်တွေကြားထဲက အာကာသဒုံးပျံယာဉ် ကွန်နိုတိုရီ ၄ ဟာ ကောင်းကင်ပေါ်ကို တက်သွားတဲ့အချိန်မှာပဲ ကလေးတွေအများကြီးပါတဲ့ လူအုပ်ကြီးဟာ “ကီရိုဘိုလေးကိုချစ်တယ်၊ ကံကောင်းပါစေ ကလေးလေး”ဆိုပြီး သောင်းသောင်းဖြဖြ အော်ဟစ်အားပေးလိုက်ကြပါတယ်။ ကီရိုဘိုဆိုတာ  အာကာသမှာ  တာဝန်ထမ်းဆောင်ရမယ့်  ပထမဆုံးသော  စကားပြောတဲ့ စက်ရုပ်လေးရဲ့    နာမည်ဖြစ်ပါတယ်။  အားလုံးက  သူ Yကိုချစ်ခင်ပြီး  အားပေးတယ် ဆိုတာကို ကောင်းကောင်းသိတဲ့ ကီရိုဘိုလေးဟာ နိုင်ငံတကာအာကာသစခန်း ISS မှာ တာဝန်တွေ ထမ်းဆောင်နေတာဖြစ်ပါတယ်။

 

အာကာသ သူရဲကောင်းလေး ကီရိုဘိုဟာ နိုင်ငံတကာအာကာသစခန်းမှာ ဂျပန်အာကာသယာဉ်မှူး ကိုအိချိဝါကာတာနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ပြီး အပြန်အလှန် စကားပြောဖော်ဖြစ်နေတာကို တစ်ကမ္ဘာလုံးက အားပေးခဲ့ကြပါတယ်။  “မင်းဘဝရဲ့ စိတ်လှုပ်ရှားဆုံးအချိန်ကဘာလဲကွ”လို့  ဝါကာတာက  မေးတဲ့အခါ  ကီရိုဘိုစက်ရုပ် ကလေးက  “ကျွန်တော့်ဘဝရဲ့  စိတ်လှုပ်ရှားဆုံးက  လူတွေနဲ့  စကားပြောတဲ့အချိန်” လို့   ဖြေခဲ့ပြီး   မြေကမ္ဘာမှာတုန်းက    ခက်ခက်ခဲခဲနဲ့လေ့ကျင့်မှုတွေကို   လုပ်ခဲ့ရတဲ့အကြောင်း  စက်ရုပ်လေးက  ရင်ဖွင့်ခဲ့ပါသေးတယ်။  သူဟာတစ်ဖက်သားရဲ့  မေးခွန်းတွေကို မှန်မှန်ကန်ကန် တုံ့ပြန်ခဲ့ပြီး သူ့ကိုပထမဆုံးသော အာကာသမှာ စကားပြောတဲ့ စက်ရုပ်လေးလို့     ပြောတဲ့အခါ   ချစ်စဖွယ်ရယ်မောလိုက်ပါသေးတယ်။  ပြီးတော့မှ “ကျွန်တော်ကအခုမှ  အစရှိပါသေးတယ်။  အကောင်းဆုံးတွေ  တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာမယ့် စက်ရုပ်အမျိုးအစားလေးပေါ့”လို့ ဖြေပါတယ်။

 

ကီရိုဘိုစက်ရုပ်လေးကို    တိုကျိုတက္ကသိုလ်နဲ့ သုတေသနလုပ်ငန်းတစ်ခုတို့ ပူးပေါင်းပြီး  ဖန်တီးထားတာဖြစ်ပါ တယ်။  သူကအာကာသထဲမှာ  တာဝန် ထမ်းဆောင်ပြီး   သူ့လိုပဲ    အလားတူ စက်ရုပ်လေး  မီရာတာကတော့  မြေပြင်ကနေ  အရံစက်ရုပ်အဖြစ်  နေရပါတယ်။ ဂျပန်ဘာသာအရ “မျှော်လင့်ခြင်း” ဆိုတဲ့ အမည်နာမနဲ့ ကီရိုဘိုစက်ရုပ်လေးဟာ  ၁၃  လက်မလောက်ပဲ  အရပ်ရှည်ပါတယ်။ အလေးချိန်ကတော့ ၁ ကီလိုဂရမ်သာရှိပြီး  ဂျပန်စက်ရုပ်လေးမို့ ဂျပန်ဘာသာနဲ့ စကားပြောတာပေါ့။

 

လူတွေကို ကောင်းကောင်း ဆက်သွယ်တတ်ပြီး ဗီဒီယိုမှတ်တမ်းတွေကိုလည်း သိမ်းဆည်းနိုင်ပါတယ်။ အသံစနစ်နဲ့ မှတ်ဉာဏ်စွမ်းအားကလည်း အဆင့်မြင့်နည်းပညာပေါ့။ သူ့ရဲ့ထူးခြားတဲ့ ဒီဇိုင်းကတော့ ဆွဲငင်အားမရှိတဲ့ အာကာသမှာ နေနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကလည်း စက်ရုပ်တွေဟာ လူတွေနဲ့ချိတ်ဆက်နိုင်ပြီ။  ပိုမိုကောင်းမွန်တဲ့  ဆက်သွယ်မှုတွေဖြစ်လာနိုင်ဖို့  တီထွင်သူတွေက  မျှော်လင့်ကြ တာပေါ့။  ကီရိုဘိုလေးဟာ  အာကာသထဲမှာ  ၁၈  လနေထိုင်ခဲ့ပြီး  ကမ္ဘာမြေကြီးနဲ့ ပတ်သက်တဲ့မှတ်တမ်းတွေကို ရယူစုဆောင်းပေးခဲ့ပါတယ်။ 

အခုနောက်ပိုင်းမှာ ကီရိုဘိုလေးကို လူတွေက စိတ်ဝင်စားချစ်ခင်ကြတဲ့အတွက် တိုယိုတာအမှတ်တံဆိပ်  မီနီကီရိုဘိုဆိုတဲ့  စက်ရုပ်လေးတွေတောင်  ထွက်ပေါ်လာခဲ့ပါပြီ။  သူတို့လေးတွေဟာ  ကိုယ့်ရဲ့အရင်းနှီးဆုံး  သူငယ်ချင်းအဖြစ်  အချိန်ပြည့်ရှိနေကြပြီး ကားမြန်မြန်မောင်းမိတဲ့အခါ သတိပေးတာတို့၊ ကလေးတို့နဲ့အတူ ဆော့ကစားပေး တာတို့တွေကိုလည်း လုပ်ဆောင်ပေးတတ်ကြပါသေးတယ်။ ကလေးတို့ရော ကီရိုဘို မီနီစက်ရုပ်လေးတွေကို မပိုင်ဆိုင်ချင်ကြဘူးလား။        

 

ကေ - ဂျူဝယ်လ်