ဧပြီလ ၁ ရက်နေ့တွင် စတင်၍ ခေတ္တရပ်ဆိုင်းခဲ့သည့် ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်ကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်ပြီဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ပိုမိုအာရုံစိုက်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုအတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်ရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

 

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်သည် ကလေးတစ်ဦးချင်းစီ၏ ကျန်းမာရေးအတွက် လွန်စွာအရေးကြီးပြီး ကလေးတိုင်း ရသင့်ရထိုက်သည့် အခွင့်အရေးလည်း ဖြစ်သည်။ ကလေးများကို အရွယ်အလိုက် ထိုးနှံပေးသွားမည့် ကာကွယ်ဆေးများသည် ကလေးတို့၏ တစ်သက်တာအတွက် အရေးကြီးသော ရောဂါတို့ကို ကာကွယ် ပေးနိုင်သည့် အဖိုးတန်ဆေးများလည်းဖြစ်ရာ မပျက်မကွက် ထိုးနှံ နိုင်ကြရန်လိုသည်။

 

ကလေးမွေးပြီးပြီးချင်းတွင် ဘီစီဂျီ (ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး) နှင့် အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေး၊ ကလေး နှစ်လသားအရွယ်တွင် ပထမအကြိမ်၊ လေးလသားအရွယ်တွင် ဒုတိယအကြိမ်၊ ခြောက်လသားအရွယ်တွင် တတိယအကြိမ် ထိုးနှံပေးသည့် ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးများ ကလေးကိုးလ အရွယ်တွင် စတုတ္ထအကြိမ်နှင့်၊ တစ်နှစ်ခွဲအရွယ်တွင် ပဉ္စမအကြိမ် ထိုးနှံပေးသည့် ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများ၊ အသက်ကိုးနှစ်အရွယ် သမီးငယ်များ အတွက် အိတ်(ချ်)ပီဗီ (ပထမအကြိမ်) နှင့် အသက် ၁၀ နှစ်အရွယ်တွင် အိတ်(ချ်)ပီဗီ (ဒုတိယအကြိမ်) ထိုးနှံပေးသည့် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးများက ကလေးများကို ကူးစက်ရောဂါဆိုးများမှ ကာကွယ်ပေးနိုင်မည်ဖြစ်ရာ မိဘတိုင်းက မိမိတို့၏ ရင်သွေးငယ်များကို ကာကွယ်ဆေးထိုးစုရပ်များသို့ အရောက်သွားကာ မပျက်မကွက် ထိုးနှံပေးကြရန် လိုသည်။

 

အထူးဂရုပြုကြရမည့်အချက်မှာ ကာကွယ်ဆေးထိုးစုရပ်များတွင် လူအများ စုဝေးမိကြရာမှ ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်ရေးအတွက် ညွှန်ကြားချက်များကို လိုက်နာ ကြရေးပင်ဖြစ်သည်။ ကာကွယ်ဆေးထိုးရာတွင် ကလေး ၅ဝ ကိုသာ အများဆုံး ထိုးမည်ဖြစ်သည့်အတွက် ရက်ချိန်းရယူပြီး မိမိကို ချိန်းသည့်ရက်ကျမှသာ သွားရောက်ထိုးနှံရန်၊ မိဘအုပ်ထိန်းသူတို့ ပါးစပ်နှာခေါင်းစည်းတပ်ရန်နှင့် ကလေးကိုလည်း အသက်ရှူမကျပ်စေရန် ဂရုပြု၍ မျက်နှာကာ၊ ပဝါအနှီးတို့ဖြင့် အုပ်လာရန် ကာကွယ် ဆေးထိုးစုရပ်သို့ မဝင်မီလက်ဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေရန်၊ ကလေး သို့မဟုတ် မိဘ၊ အိမ်သားတစ်ဦးဦး ဖျားနာခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်းတို့ကဲ့သို့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဝေဒနာတစ်ခုခု ခံစားနေရပါက ကာကွယ်ဆေးထိုးစုရပ်သို့ မသွားဘဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်မေးမြန်းကြရန် လိုအပ်မည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါသည် အရှိန်မသေသေးသည့် ကူးစက် ရောဂါဖြစ်ပြီး အချိန်မရွေး ရုတ်တရက် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိနေဆဲဖြစ်သည်။ ၎င်းရောဂါ၏ ကူးစက်နိုင်မှု အန္တရာယ်ကို အလေးအနက်ထားပြီး မိမိကိုယ်ကိုယ် ဂရုတစိုက် ကာကွယ်ကြခြင်းဖြင့်သာ တစ်ယောက်ကစ၍ တစ်ရာ၊ နှစ်ရာ စသည်ဖြင့် ကူးစက်ပျံ့နှံ့မှုမဖြစ်အောင် တားဆီးထားနိုင်မည်ဖြစ်သည်။ ကလေးများအတွက် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်သည်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေအပေါ်တွင် တွက်ဆပြီး ဆောင်ရွက်သည့် အစီအစဉ်ဖြစ်သည့်အတွက် ယခင်အခါများက ကာကွယ်ဆေးထိုးခဲ့သည့် ပုံစံများနှင့် မတူတော့ဘဲ ကိုဗစ်-၁၉ မကူးစက်ရေးကိုပါ တစ်ပြိုင်တည်း သတိပြု ရှောင်ရှားကြရမည် ဖြစ်ပါကြောင်း။   ။

 

မြန်မာ့အလင်း