ကလေးဝ၊ ၂၈ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ကလေးဝ-ရေဦး ကားလမ်း မိုင်တိုင်အမှတ် ၁၀၃/၄ နှင့် ၁၀၃/၅ ကြား သရက်ချောင်းတံတားအနီးတွင် ဇန်နဝါရီ ၂၇ ရက် ညပိုင်းက ၁၂ ဘီး ကုန်တင် ယာဉ်တစ်စီး တိမ်းမှောက်၍ ကားပေါ်ပါ လူတစ်ဦး သေဆုံးခဲ့သည်။
အဆိုပါ ကားအား ကလေးမြို့နေ ထက်ထက်အောင် (၁၉) နှစ်က မိုင် ၁၀၀ မှ စပါးအိတ် ၃၆၅ အိတ် တင်ဆောင်၍ ကလေးဝ-ရေဦး ကားလမ်းအတိုင်း ကလေးဝဘက်သို့ မောင်းနှင်လာခဲ့ရာ သရက်ချောင်း တံတားအနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ လေးဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ပြီး မြင့်ကျော်(ခေါ်) လင်းအောင်စံမှာ စပါးအိတ်များကြား ညပ်၍ သေဆုံးခဲ့သည်။
ဒဏ်ရာရသူများနှင့် သေဆုံးသူအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။
သက်ဟန်(ကလေးဝ)
