ကလေးဝ ၁၀ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော လူသုံးကုန်နှင့် စားသောက်ကုန် အရောင်းဆိုင်များတွင် တားမြစ်ထားသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ ရက်လွန်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် မြို့တွင်း ဆေးပစ္စည်းအရောင်းဆိုင်များတွင်လည်း တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချခြင်း မရှိစေရေးကို ယနေ့ နံနက် ၁၀ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းကို ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးအောင် ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ခရိုင်တာဝန်ခံ ဒေါ်ငြိမ်းငြိမ်းအိနှင့်အဖွဲ့၊ ကလေးဝမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့က စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့မဈေးအတွင်းမှ စုစုပေါင်းတန်ဘိုး ၅၀၇၀ဝ ကျပ်ခန့်ရှိ တားမြစ်စားသောက်ကုန် ၂ မျိုးမှ ၄၇ ခု၊ ရက်လွန်စားသောက်ကုန် ၇ မျိုးမှ ၅၄ ခု၊ တားမြစ်အလှကုန် ၄ မျိုးမှ ၉ ခု၊ ရက်လွန်အလှကုန် ၃ မျိုးမှ ၇ ခု စုစုပေါင်းစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ၁၂၂ ခုအား သိမ်းဆည်း၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)