ကလေးဝ  ၉   အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအုပ်စုရှိ “ဖွံ့ဖြိုးဓန” ကျောက်မီးသွေး ထုတ်လုပ်ရေး ကုမ္ပဏီ၏ လက်ခွဲကုမ္ပဏီဖြစ်သော “San Xin” ကုမ္ပဏီလုပ်ကွက်တွင် ယမန်နေ့နံနက် ၄ နာရီခန့်က တရုတ်အလုပ်သမားများ နေထိုင်သည့် အိပ်စက်နားနေဆောင် ၉ ခန်းတွဲ လိုင်းခန်းရှိ အခန်းနံပါတ် ၄ တွင် နေထိုင်သည့် လုပ်ကွက် ကိုယ်စားလှယ် Mr. Xie Zhong Xian ၏ အခန်းခေါင်းရင်းဘက် ၂ ပေခန့်အကွာ ရေမြောင်းဘေးတွင် ပေါက်ကွဲမှုဖြစ်ပွား၍ အိပ်နေသူ Mr. Xie Zhong Xian သည် ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ နောက်စေ့ ဖူးယောင်ဒဏ်ရာနှင့် ဝဲပုခုံးပွန်းခြစ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

အထက်ပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ ၎င်း ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား Mr. Li Debin နှင့် Mr. Xu Chengbing တို့နှစ်ဦး သည် စက်တင်ဘာ ၅ ရက်နေ့က အရက်သေစာသောက်စားပြီး ခိုက်ရန်ဖြစ်ပွားရာမှ Mr. Xu Chengbing သည် ဝမ်းဗိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ Mr. Xie Zhong Xian (သေဆုံးသူ) မှ Mr. Li Debin အား အလုပ်မှထုတ်ပယ်ရန် အစီအစဉ်ရှိကြောင်း သိရှိရသဖြင့် Mr. Li Debin ၏ အိပ်ခန်းအတွင်း ဝင်ရောက်ရှာဖွေရာ ပြုပြင်ပြီး စပ်ယမ်း ၁၀ လက်မခန့် အရှည် ၆ ချောင်း၊ Detonator (စနက် တံ) ၈၀ ချောင်းတို့အား သိမ်းဆည်းရမိ၍ မသင်္ကာသူ Mr. Li Debin အား ဥပဒေအရ အရေးယူနိုင်ရန် (ပ) ၂၅၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်၍ ဒုရဲမှူး မြင့်စိုးက စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)