ကလေး ၁၄ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်းရှိ ဆင်ခေါင်းချောင်ဒေသ၊ မစိန်ချောင်ဒေသနှင့် ဂဇက်ချောင် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည့် ယုဇလယ်-အင်ဒုတ်လမ်းပေါ်ရှိ ခုံကြီးချောင်းကို ဖြတ်ကာ ဆောက်လုပ်မည့် ရေငုပ်လျှိုးတံတားကို ဂျပန်အခြေခံအဆောက်အဦ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Japan Infrastructure Partners - JIP) ၏ အကူအညီဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီတံတားကို ဂျပန်နိုင်ငံရဲ့ပြင်ပအဖွဲ့အစည်းက ကူညီပေးတာပါ။ မြန်မာနိုင်ငံမှာ တံတားလေးစင်း တည်ဆောက်ဖို့ကူညီပေးမှာပါ။ ကရင်ပြည်နယ်မှာ တစ်စင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ သုံးစင်းတည်ဆောက်ပေးမှာပါ။ ဒီထဲကမှ ကလေးဝမှာ တစ်စင်း ဆောက်လုပ်ခွင့်ရတာပါ။ ဒီတံတားက ယုဇလယ်-အင်ဒုတ်လမ်းပေါ်က ခုန်ကြီးချောင်းကိုဖြတ်ပြီး ဆောက်လုပ်ပေးမှာပါ။ ချောင်းရဲ့ပေအကျယ်ပေါ်မူတည်ပြီး ငွေကြေးတွက်ချက်ကူညီပေး တာပါ”ဟု ကလေးဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်က ပြောသည်။
အဆိုပါ ဂျပန်အခြေခံအဆောက်အဦ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ၂၀၁၆ခုနှစ်ကတည်းက စတင်ကာ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ရေကျော်တံတား (၇)စင်း တည်ဆောက်ပေးခဲ့ပြီး ယခုအခါ ဂျပန်ယန်း သန်း(၇၀) အထောက်အပံ့ဖြင့် ငုပ်လျှိုးတံတား(၄)စင်း အား တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်မြို့နယ်မှာ ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေအတွက် နှစ်စင်းလောက် ဆောက်လုပ်ပေးဖို့ တောင်းတာပါ။ ဒါပေမဲ့သူတို့က တစ်စင်းပဲ ခွင့်ပြုပါတယ်။ ဒီရေငုပ်လျှိုးတံတား ဆောက်လုပ်မဲ့နေရာကတော့ ယုဇလယ်-အင်ဒုတ်လမ်းပေါ်ရှိ ခုံကြီးကျေးရွာအနီးမှာ တည်ဆောက်သွားမှာပါ။ သူတို့က သွားလာရေးခက်ခဲတာတို့ မိုးတွင်းကာလဖြတ်သန်းသွားလာမှုတွေကို တွက်ပြီးခွင့်ပြုပေးတာပါ။ အဓိက ကတော့ ကျောင်းသူ ကျောင်းသားလေးတွေအတွက် သွားရေးလာရေးအဆင်ပြေအောင် အဓိကထားဆောင်ရွက်ပေးတာပါ။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာ နှစ်မှာ ကျေးလက်လမ်းဦးစီးဌာနကနေပြီး ဆောက်လုပ်သွားမှာပါ”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောသည်။
ယုဇလယ်-အင်ဒုတ်လမ်းပေါ်တွင် ကျေးရွာပေါင်း (၅၀) ကျော်ရှိပြီး ပြည်သူပေါင်း ၂၂၀ဝ၀ ကျော် နေထိုင်ကြကာ မြေသားလမ်းအဖြစ်စတင်ဖောက်လုပ်ခဲ့စဉ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြု ရန်ပုံငွေဖြင့် ပန်းမွန်ကုမ္ပဏီက တစ်ကြောင်းထိုးလမ်းအဖြစ် စတင်ဖောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သျှင်နေမင်း (ဂန့်ဂေါ)