နေပြည်တော်၊ နိုဝင်ဘာ ၈

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၆ ရက် ညနေ ၅  နာရီတွင်  ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု၊ အလယ်စခန်း ကျေးရွာအနီးရှိ မလွဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောင်ဝင်း မောင်းနှင်ပြီး အိအိငြိမ်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာ‌ဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၂၆၅ ပြား ကိုလည်းကောင်း။

 

ထို့အတူ နိုဝင်ဘာ ၅ နာရီ ညနေ ၇ နာရီခွဲတွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ကျေးရွာအုပ်စု၊ မရမ်းချောင် ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခန့်ထက်အောင် (ခ)မိုးကို မောင်းနှင်လာသည့် HYUNDAI GRAND STAREX အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း။

 

အလားတူ နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ တော်ဝင်လမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ဦးဦးသန်းနှင့် ကျော်သိန်းထွန်းတို့ ၂ ဦးအား စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၀,၀၀၀ ကိုလည်းကောင်း။

 

နိုဝင်ဘာ ၅ ရက် ည ၉ နာရီတွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ဟိုနားနယ်မြေ၊ မြို့ရှောင်လမ်းတွင် စိုင်းဆိုင်လှိုင်း(ခ)အားဝေ မောင်းနှင်ပြီး နော်ဒင်၊ မျိုးဒန်အောင် လိုက်ပါလာသည့် မော်တော်ယာဉ်နှင့် စိုင်းကျော်ဦး မောင်းနှင်ပြီး စိုင်းအိုက်လူး လိုက်ပါလာသည့် မော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ TOYOTA ALPHARD ယာဉ်ပေါ်မှ ကက်တမင်း ၁ ကီလို၊ Glock အမျိုးအစား 9MM ပစ္စတိုသေနတ်    ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၉ တောင့်၊ M22 Type 81 သေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၆ ခု၊ ၎င်းကျည် ၁၂၀ တောင့်နှင့် လက်ပစ်ဗုံး ၂ လုံးတို့ကို လည်းကောင်း။

 

နိုဝင်ဘာ ၆ ရက် နံနက်  ၆ နာရီပိုင်းတွင် သီပေါမြို့နယ်၊ ပန်မိတ်ကျေးရွာအုပ်စု၊ ပန်ညုကျေးရွာ အနီး၊ သီပေါ-မန္တလေး သွားကားလမ်းမပေါ်တွင် စိုင်းအိုက်လူ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)