ကလိန်အောင် ၂၃  စက်တင်ဘာ 


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာန ဆေးပေးခန်း၌ စက်တင်ဘာ ၂၆ ရက်မှ ၂၇ ရက်နေ့အထိ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ရက်တိုင်တိုင် ကလိန်အောင်မြို့ အတွင်းရှိ ဒေသခံ ပြည်သူများအား တီဘီရောဂါနှင့် ဆီးချိုရောဂါ အခမဲ့စမ်းသပ် စစ်ဆေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ထို့သို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါ ကွင်းဆင်းစစ်ဆေး ရှာဖွေကုသရေးအဖွဲ့မှ ခေတ်မှီ ဓာတ်မှန်စက်ကြီးဖြင့် ရင်ဘတ်ဓာတ်မှန်ရိုက် စစ်ဆေးခြင်း၊ သလိပ်စစ်ဆေးခြင်း၊ ဆီးချိုရောဂါ စစ်ဆေးခြင်းတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


အဆိုပါ တီဘီရောဂါသည် အသက်ရှုလမ်းကြောင်းမှ အဓိက ကူးစက်တတ်သောရောဂါဖြစ်သဖြင့် မည်သူမဆို မိမိကိုယ်ကို တီဘီရောဂါ ရှိ၊ မရှိ လာရောက်စစ်ဆေးနိုင်ကြောင်း၊ ရက်ရှည်ချောင်းဆိုးနေသူများ၊ ဖျားနေသူများ၊ အစားအသောက်ပျက်၍ တဖြည်းဖြည်း ပိန်လာနေသူများ၊ လည်ပင်း၊ ချိုင်းတို့၌ အကျိတ်ထွက်နေသူများ၊ တီဘီရောဂါဖြစ်သူနှင့် အတူနေသူများ၊ ဆီးချိုရောဂါနှင့် ကိုယ်ခံအားကျဆင်းမှု ဖြစ်နေသူများ စစ်ဆေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ကလိန်အောင် (ပြန်/ဆက်)