ကလိန်အောင် ၂၈ ဖေဖေါ်ဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (၉.၉)သန်းကျပ်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် ကလိန်အောင်မြို့ ဆေးရုံကြီး စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းမှ ယခုအခါတွင် ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ရေဖြူမြိူ့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ယင်းစိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းပေးရခြင်းနှင့် ပတ်သက်၍ ရေဖြူမြိူ့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဦးအောင်က "အခုလက်ရှိ‌တော့ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးပြီဖြစ်ပါတယ်၊ ရေကတော့ ဆေးရုံကြီး‌‌ ရေကန်အထိ ရောက်ရှိ၍ သုံးစွဲလိုရနေပါပြီး၊ လုပ်ငန်းက ရာနှုန်းပြည့်ပြီးစီးဖို့ ၁၀ ရာခိုင်နှုန်းပဲ ကျန်ပါတော့တယ် " ဟု ၎င်းကပြောသည်။

 

ရာသီမရွေး သောက်သုံးရေအခက်အခဲမရှိဖူလုံစွာသုံးစွဲနိုင်စေဖို့ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (၉.၉)သန်း ကျပ်ဖြင့် ဖေဖေါ်ဝါရီလအစောပိုင်းကတည်းက စတင်ပြီး‌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း (၁/၆)မိုင် လုပ်ငန်းကို ရေဖြူမြိူ့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းပြီးစီးပါက ကလိန်အောင်မြို့ ကုတင်(၂၀)ဆံ့ ဆေးရုံကြီးရှိ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများတို့ သောက်သုံးရေ ပြတ်လပ်မှုမရှိစေဘဲ အဆင်ပြေစွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ရေဖြူမြိူ့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ကလိန်အောင်(ပြန်/ဆက်)