ကလိန်အောင် ၈ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့အတွင်းရှိ စွန့်လွှတ်မြေယာများအား လုပ်ထုံးလုပ်နည်းနှင့်အညီ မူလပိုင်ရှင်များထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိကြောင်း လိန်အောင်မြို့ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ယခင်က ကလိန်အောင်မြို့ အမှတ် (၃)ရပ်ကွက်ရှိ ကွင်းအမှတ် (၃၅. oss) ရှိ ဧရိယာ (၁၄၆) ဧက၊ ကျောက်ရှပ်ကျေးရွာ ကွင်းအမှတ် (၃၄. oss) ရှိ ဧရိယာ (၂၈၆)ဧကနှင့် ဇင်းဘာကျေးရွာ ကွင်းအမှတ် (၃၈.oss) ရှိ ဧရိယာ (၂၇၀) ဧကတို့၏ သိမ်းဆည်းထားသော မြေယာများအား ၂၀၁၆ ခုနှစ်ကတည်းက လုပ်ထုံးလုပ်နည်းများ နှင့်အညီ မူလပိုင်ရှင်များထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောသည်။
အလားတူ ၂၀၁၉ ခုနှစ် ဇွန် ၁၈ ရက်တွင် ကလိန်အောင်မြို့၊ နှမ်းကျဲကျေးရွာအုပ်စု မြန်မာရှင်ထဘီ ကြေးတိုင်ပြင်ကွင်း အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ကိုင်ခွင့်လျှောက်ထားသည့် နှမ်းကျဲကျေးရွာ၊ ကျေးဇူးတော် ကျေးရွာနှင့် ဟိန္ဇဲကျေးရွာတို့ရှိ ဒေသနေ တောင်သူ (၃၆)ဦးတို့အား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်ပြု လက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကလိန်အောင်မြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာများ၌ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတွင် ပြင်ဆင်သည့် အချက်အလက်များကို တောင်သူများ သိရှိနားလည်စေရန်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် ခွင့်ပြုမိန့် မရရှိဘဲ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လက်ရှိ လုပ်ကိုင်အသုံးပြုလျက်ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အနေဖြင့် လုပ်ကိုင်ခွင့်ပြုမိန့် ရရှိရေးအတွက် သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများတွင် သတ်မှက်ချက်များအတိုင်း လျှောက်ထားနိုင်ကြောင်း ကွင်းဆင်း၍ အသိပညာပေး ဟောပြောမှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခွင့်ပြုချက်မရှိဘဲ ရယူလုပ်ကိုင် အသုံးပြုသူ တောင်သူများအနေဖြင့် ဥပဒေအရ အရေးယူ မခံရစေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာ ဌာနများကလည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)


