ကလိန်အောင် ၂၇ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာန ဆေးပေးခန်း၌ ယမန်နေ့ မနက် ၉ နာရီမှစ၍ ညနေ ၄ နာရီအထိ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများအား တီဘီရောဂါနှင့် ဆီးချိုရောဂါ အခမဲ့စမ်းသပ် ရှာဖွေစစ်ဆေးကုသပေးခြင်းကိုကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးကုသဆောင်ရွက်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း တီဘီရောဂါ ကွင်းဆင်းစစ်ဆေး ရှာဖွေကုသရေးအဖွဲ့မှ ဒေါက်တာ သူရိန်ထွန်းက ကလိန်အောင်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား တီဘီရောဂါဖြစ်ပွားရခြင်းအကြောင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း တီဘီရောဂါ ကွင်းဆင်းစစ်ဆေး ရှာဖွေကုသရေးအဖွဲ့မှ ဒေါက်တာ သူရိန်ထွန်းနှင့် အဖွဲ့၊ ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာများက ခေတ်မှီ ဓာတ်မှန်စက်ကြီးဖြင့် ရင်ဘတ်ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ သလိပ်စစ်ဆေးခြင်းနှင့် ဆီးချိုရောဂါ ဒေသခံပြည်သူများ စုစုပေါင်း(၁၁၈)ဦးတို့အား စမ်းသပ်စစ်ဆေး ကုသပေးခြင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တီဘီရောဂါနှင့် ဆီးချိုရောဂါ စမ်းသပ်ကုသပေးခြင်းကို စက်တင်ဘာ ၂၆ ရက်မှ ၂၇ ရက်နေ့အထိ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကလိန်အောင်(ပြန် /ဆက်)


