ကလိန်အောင် ၂၄ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ဇင်းဘာကျေးရွာရှိ သုဓ္ဓမဒီပ ဘုန်းတော်ကြီး ကျောင်း၌ ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုဆိုင်ရာအခြေခံပရိဘောဂလုပ်ငန်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ကျေးလက်ဦးစီး ဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ နှစ်စဉ်ကျေးရွာများတွင် ကျေးရွာနဲ့ကိုက်ညီပြီး ရွေးချယ်ကာ သက်ဆိုင်ကျေးရွာအရောက် အခမဲ့သင်တန်း ပို့ချပေးခြင်းဖြစ်ကြောင်းကို လည်းကောင်း၊ပြည်သူလူထုက လိုလားတာနဲ့ ကိုက်ညီအောင် ယခုလို အခြေခံပရိဘောဂ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊သူများအနေအဖြင့် သင်ကြားပေးသော ပညာရပ်များကို အလေးအနက်ထားပြီး တတ်မြောက်အောင် သင်ယူလိုပါကြောင်းနှင့် အကျိုးရှိစွာ လက်တွေ့အသုံးချသွားစေလိုပါကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဦးအောင်က အမှာစကားပြောကြားရာတွင် ယခုလို ဇင်းဘာကျေးရွာတွင် ပရိဘောဂ သင်တန်းပေးရခြင်းမှာ ဒေသနဲ့ကိုက်ညီပြီး ကလိန်အောင်မြို့၏ ဒေသထွက်ကုန်တစ်ခုအနေနဲ့ လုပ်ငန်းပေါ်ထွက်လာအောင် ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း စသည့် သင်တန်းဖွင့်လှစ် ပေးရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များအား ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများတို့က စုပေါင်း၍ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး သင်တန်းတွင် သင်ကြားပေးမည့် သင်ထောက်အကူပစ္စည်းများကို လေ့လာ ကြည့်ရှုကြသည်။
အဆိုပါ အခြေခံပရိဘောဂသင်တန်းကို ဇင်းဘာကျေးရွာရှိ သင်တန်းသား (၁၁)ဦး၊ သင်တန်းသူ(၄)ဦး စုစုပေါင်း (၁၅)ဦးတို့အား သင်တန်းနည်းပြဆရာတစ်ဦးက အောက်တိုဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ (၂)လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဦးအောင်၊ ကလိန်အောင်မြို့ ခေတ္တအုပ်ချုပ်ရေးမှူး ဦးဇော်လင်းဖြိုး၊ မြို့စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသက်ခိုင်၊ ဇင်းဘာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် ရပ်မိ၊ ရပ်ဖများ၊ သင်တန်းနည်းပြဆရာနှင့် သင်တန်းသား၊ သူ (၁၅) ဦး၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၄၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)


