ကလိန်အောင် ၆ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်း ကျေးရွာအနီး ရေး- ထားဝယ် ကားလမ်း မိုင်တိုင်အမှတ်/၄၆/၅ နှင့်၄၆/၆ အကြားတွင် ယနေ့နံနက် (၈)နာရီခန့်က ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ယာဉ်မောင်း သန်းဝင်းထက်(၂၀)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် ၅၇ယ/----- FZ၁၅၀ အမျိုးအစား စိမ်း/ နက်ရောင်ဆိုင်ကယ်သည် ကားလမ်းမပေါ်တွင် လဲကျနေသော သီဟိုပင်အားရှောင်၍ မောင်းနှင်ရာမှတစ်ဘက်ယာဉ်ကျောအတွင်းဝင်ရောက်သွားခဲ့ပြီး မျက်နှာချင်းဆိုင် ထားဝယ်မြို့ဘက်မှရေးမြို့ဘက်သို့ ယာဉ်မောင်း ဦးကျော်ဝင်းသန်း (၃၂)နှစ်၊ ကူမဲကွက်သစ်၊မြစ်သားမြို့၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ယာဉ်အမှတ် YGN6F------- MITSUBISHI FUSO အမျိုးအစား၊ ဖြူ/ပြာ၊ ၁၂ ဘီးမော်တော်ယာဉ်၏ အရှေ့ပိုင်းအား ဝင်ရောက်တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ သန်းဝင်းထက်တွင် ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပါတ်သက်၍ ယာဉ်မောင်း သန်းဝင်းထက်ကို ကလိန်အောင်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)