ကလိန်အောင် ၂၁ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် သီတင်းကျွတ်လပိုင်းနှင့် တန်ဆောင်မုန်းလတို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ၊ ကထိန်နှင့် အလှူအတန်းပွဲများ များပြားခြင်းကြောင့် ငါးခြောက်များ ဝယ်သူများလာသဖြင့် ရောင်းအား ကောင်းလာကြောင်း ကလိန်အောင် မြို့ ဈေးထဲရှိ ငါးခြောက်အရောင်းအဝယ်လုပ်ကိုင် နေသူထံမှ သိရသည်။
" အခုက ပွင့်လင်းရာသီဖြစ်ပြီးဆိုတော့ ဘုရားဖူးလာကြတဲ့ သူတွေကလည်း အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ကြတယ်၊ ပြီးတော့ သီတင်းကျွတ်လနဲ့ တန်ဆောင်မုန်းလတွေ့ဆို အခြားလတွေထက် အလှူအတန်းပွဲကများတော့ အရောင်းရဆုံးပဲ၊ နောက်ပြီး ဒီမြို့မှက အလှူအတန်းပွဲတွေမှာ အများအားဖြစ် အသုံးပြုများတာ ငါးကွန်းရှပ်ခြောက်နဲ့ ငါးဒေါင်းချင်းခြောက်တို့ အဝယ်များတယ်" ဟု ငါးခြောက်အရောင်းအဝယ်လုပ်ကိုင် နေသူက ပြောသည်။
ကလိန်အောင်မြို့ဈေးထဲတွင် ငါးကွန်းရှပ်ခြောက်၊ အူကြီးငါးခြောက်၊ ငါးစာပြက်ခြောက်၊ ငါးသလောက်ခြောက်၊ ငါးရောင်ခြောက်၊ ငါးပြက်ခြောက်၊ ဖိုးထွန်းမဲငါးခြောက်၊ ငါးဒေါင်းချင်းခြောက် အစရှိသော ငါးခြောက်များကို ရောင်းချလျက်ရှိရာ ငါးကွန်ရှပ်ခြောက် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၀ဝ၀ဝ၊ အူကြီးငါးခြောက် တစ်ပိဿာငွေကျပ် ၂၅၀ဝ၀၊ ငါးစာပြက်ခြောက်တစ်ပိဿာ ငွေကျပ် ၁၈၀ဝ၀ကျပ်နှင့် ငါးဒေါင်းချင်းခြောက်တစ်ပိဿာ ငွေကျပ်၇၅၀ဝ ရှိကာ အရောင်းရကောင်းဆုံးဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးခြောက်များကို ထားဝယ်မြို့မှာ တစ်ဆင့်သွားရောက်၍ ဝယ်ယူရပြီး ငါးခြောက် ဈေးနှုန်းများမှ တစ်ပိဿာလျှင် ငွေ ၇၅၀ဝ ကျပ်မှ ၃၀ဝ၀ဝ ကျပ်အထိ ကလိန်အောင်မြို့ ဈေးထဲတွင် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။
ကလိန်အောင်( ပြန်/ဆက်)


