ကလိန်အောင်  ဇူလိုင် ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ဒေသမှ ထွက်ရှိသည့် ကိုကိုးအသီးများ ပြည်တွင်း ပြည်ပက ဝယ်လိုအားမြင့်တက်လာမှုကြောင့် ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

“ပြီးခဲ့သည်နှစ်က ကိုကိုးသီး ဝယ်ယူဈေနှုန်းမှာ တစ်ကီလိုလျှင် ငွေကျပ် ၄၅၀ ရရှိပြီး လက်ရှိ၀ယ်ယူ ပေါက်ဈေးမှာ တစ်ကီလိုလျှင် ငွေကျပ် ၅၅၀ ရာနှုန်းရရှိကြသဖြင့် တစ်နှစ်ကို ရှစ်သိန်းနီးပါးလောက် အပို၀င်ငွေ ရရှိကြပါတယ်”ဟု ကလိန်အောင်မြို့မှ စိုက်ပျိုးရေးတောင်သူ ဦးနေလင်းအောင်က ပြောပြသည်။

ကိုကိုးအပင်များကို ဇွန်လမိုးရာသီတွင် စတင်စိုက်ပျိုးရာ သုံးနှစ်အကြာတွင် ပန်းများ စပွင့်ပြီး ငါးနှစ်အကြာမှာ ခူးဆွတ်ရောင်းချရကာ နှစ်ရှည်ပင်မျိုးဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ကိုကိုးအပင် မျိုးစေ့များကို ရတနာလူမှုစီးပွား စိုက်ပျိုးရေးအဖွဲ့နှင့် အာနန္ဒာကိုကိုးကော်ဖီကုမ္ပဏီတို့ ပူးပေါင်းပြီး ကလိန်အောင်မြို့နှင့် ကံပေါက်ဒေသတို့တွင် စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ခင်ခင်လဲ့