ရန်ကုန် ၁ သြဂုတ်
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်အနီး အင်းစိန်လမ်းမပေါ်တွင် တည်ဆောက်ထားသော လူကူးခုံးကျော်တံတားအား ပြည်သူများ ဖြတ်သန်းသွားလာရာတွင် လွယ်ကူစေရေးအတွက် အမိုးခုံးတပ် ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။
အဆိုပါ အမိုးခုံးတပ်ဆင်ခြင်းလုပ်ငန်းများကို ဇူလိုင်လအတွင်း စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလတွင် အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ အမိုးခုံးတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ် တံတားအား ခေတ္တပိတ်ထားပြီး ပြည်သူများ လမ်းဖြတ်ကူးနိုင်ရန် လမ်းလယ်တွင် ကာရံထားသော သံပန်းများအား ဖြုတ်သိမ်းထားသည်ကို တွေ့ရသည်။
ယခင်က တံတားမှာ အမိုးမရှိသည့်အတွက် ကျောင်းသား ကျောင်းသူများ၊ သက်ကြီးရွယ်အိုများနှင့် အများပြည်သူတို့မှာ နေပူမိုးရွာတံတားပေါ်မှ ဖြတ်သန်းကြရသည်။ မိုးရာသီ၌ မိုးရေထဲဖြတ်သန်းကြရသဖြင့် ခြေချော်ကျမည့် အန္တရယ်နှင့် မကြာခဏ ကြုံတွေ့ကြရသည်။ ယခုအခါ အမိုးများ တပ်ဆင်ပြီးစီးသွားပါက လုံခြုံစိတ်ချစွာ အမိုးအောက်မှ ဖြတ်သန်းသွားလာကြရမည်ဖြစ်သည်။ တံတားအမိုးတပ်ဆင်းခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်အတွင်း၌ လှည်းတန်းလူကူးခုံးကျော်တံတားအား အမိုးတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက် နေသကဲ့သို့ လှည်းတန်း မှတ်တိုင်တည်ဆောက်ခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။ ယခင်က အင်းစိန်လမ်းမ၌ အင်းစိန်ဘက်သို့အသွားသာ လှည်းတန်းတွင် မှတ်တိုင်များရှိသော်လည်း အင်းစိန်မှ ရန်ကုန်မြို့လယ်သို့ အသွားဘက်အခြမ်းတွင် လှည်းတန်းမှတ်တိုင်ဟူ၍ မရှိသည်မှာ နှစ်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခုအခါ လွန်ခဲ့သော သီတင်းပတ်မှစတင်၍ အိုင်တီလက်ဖက်ရည်ဆိုင်အနီးတွင် လှည်းတန်းမှတ်တိုင် တည်ဆောက်ခြင်းလုပ်ငန်းများကို စတင်ခဲ့သည်။ လှည်းတန်းမှတ်တိုင်တည်ဆောက်ခြင်းမှာ အတော်အတန် ပြီးစီးပြီဖြစ်၍ မကြာမီ ပြည်သူများအနေဖြင့် မှတ်တိုင်မှ အတည်တကျ စီးနင်းနိုင်တော့မည်ဖြစ်သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


