ရန်ကုန် နိုဝင်ဘာ ၁၀

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင် သန့်ရှင်းသာယာရေးနှင့် အင်းလျားလမ်း ခင်းကျင်းနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်သည် ကမာရွတ်မြို့နယ် ပြည်လမ်း၊ အင်းလျားကန်ပေါင်တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ကိုယ်လက်လှုပ်ရှား ပြုလုပ်နေမှု၊ ကန်ပေါင်တစ်လျှောက်နှင့် အင်းလျားပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းဆောင်ရွက်နေမှု၊ ကန်ပေါင်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများ ရောင်းချနေမှုများအား ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသော အစားအစာများကို စနစ်တကျ ရောင်းချစေရေး၊ ကန်ရေပြင်အတွင်းသို့ စားသောက်ဆိုင်များမှ စွန့်ပစ်အမှိုက်များ ကျရောက်မှုမရှိစေရေး၊ သဘာဝအလျောက် ကြွေကျသည့် သစ်ရွက်စို၊ သစ်ရွက်ခြောက်များအား စနစ်တကျသန့်စင်၍ EM Bokashi မြေဩဇာ ပြုလုပ်ရေးနှင့် ကန်ပေါင်နှင့် ဆက်စပ်နေရာများတွင် စိမ်းလန်းမြေဧရိယာ တိုးချဲ့ရေးအတွက် စီမံဆောင်ရွက်ရေးတို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

mdn

 

ထိုမှတစ်ဆင့် မြို့တော်ဝန်သည် ကမာရွတ်မြို့နယ် အင်းလျားလမ်းသို့ ရောက်ရှိပြီး အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ လမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေးနှင့် ယာဉ်သွားလာမှု အဆင်ပြေ လွယ်ကူစေရေးအတွက် တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းဆုံမှ စတင်၍ အရှည် ပေ ၁၅၀၀၊ အကျယ် ၄၈ ပေ၊ ထု ၂ လက်မရှိ (၄) လမ်းသွား ကတ္တရာ ကွန်ကရစ်ခင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဝဲ/ယာ အုပ်မိုးကိုင်းများ၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းရေး၊ ရေမြောင်းနှင့် စင်္ကြံပေါ်ရှိ အမှိုက်များ သိမ်းဆည်းရေးနှင့် ဆက်သွယ်ရေးတိုင်များ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ် စိုက်ထူရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်